ဆောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး လေးဦး သေဆုံး
မေလ ၂ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၂ မိနစ် ၀န်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အညာကတင်းကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကို အသုံးပြုကာ တိုက်ခိုက်ခဲ့သောကြောင့် မခွန်းဆက်ချို (၈ နှစ်)၊ ဒေါ်မကြည်လေး (၆၅ နှစ်)၊ ဒေါ်တင်တင်ခိုင်(၅၂ နှစ်) နှင့် ဒေါ်ပြားသာ(၃၈ နှစ်) တို့ သေဆုံးခဲ့ရပြီး စာသင်ကျောင်းနှင့် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးသွားသည့်အပြင် အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း ဆောမြို့နယ်အတွင်းရှိ ထူးကြီးနှင့် ချောင်းခွ အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အပြင် ဧပြီလ ၂၇ ရက်နေ့တွင်လည်း ကျောက်ထုဒေသအတွင်းရှိ ကွမ်းခင်း၊ ခတိုတောင် အနီးတစ်ဝိုက်ကို Y-12 လေယာဉ်ဖြင့် ၁၁ ကြိမ်၊ ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ်ရှိ ရွှေအောင်သာ အနီးတစ်ဝိုက်ကို ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေလ ၁ ရက် နေ့လည် ၁၂ နာရီခွဲ ၀န်းကျင်တွင်လည်း ကျောက်ထုဒေသအတွင်း Y-12 လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါခရိုင် ယောဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀ နီးပါး ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe