ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့ဝင်နှစ်ဦး မုဒိမ်းမှုကျူးလွန်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး ပွင့်လင်းမြင်သာစွာ တရားစီရင်ရန် ချင်းပြည်(Chinland) အစိုးရတောင်းဆို
မေလ ၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် အေအေတပ်ဖွဲ့ဝင် နှစ်ဦးက ဒေသခံချင်းအမျိုးသမီး တစ်ဦးကို မုဒိမ်းမှုကျူးလွန်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှန်ရန် ပွင့်လင်းမြင်သာစွာ တရားစီရင်မှုပြုရန် ချင်းပြည်အစိုးရအဖွဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ယနေ့ မေလ ၂ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းအမျိုးသမီးတစ်ဦးအပေါ် အဓမ္မပြုကျင့်ခြင်းသည် တိုင်းရင်းသားအချင်းချင်းနှင့် လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေနိုင်ကြောင်း၊ ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံမှုနှင့် ဥပဒေအကာအကွယ် ဆောင်ရွက်မှုပေးခြင်း လိုအပ်သော အကူအညီများ ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် ချင်းပြည်သူများအပေါ် အေအေအနေဖြင့် နောက်နောင် ယခုကဲ့သို့ လူမဆန်သည့် အကြမ်းဖက်မှုမျိုး လုံးဝ(လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေး တောင်းဆိုထားသည်။
အေအေသည် စစ်အာဏာရှင် တော်လှန်ရေးကိုအကြောင်းပြပြီး ချင်းပြည်(Chinland) အတွင်းရှိ ပလက်ဝဒေသတွင် ဒေသခံပြည်သူများ၏ သဘောတူညီမှုမရှိဘဲ တပ်စခန်းချခြင်း၊ စစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများ အတိဒုက္ခရောက်ရသည့်အပြင် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များကို မကြာခဏခြိမ်းခြောက်လျက်ရှိကြောင်း ချင်းပြည်အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို သိရသည်။
ဤကိစ္စနှင့်ပတ်သက်၍ အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြစ်မှုကျူးလွန်သည့် အေအေတပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားသော်လည်း ယနေ့အချိန်အထိ တစ်လနီးပါးရှိလာသော်လည်း မည်သည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်နေကြောင်း မသိရသေးပေ။
သတင်း – James Roe