တပ်ကြပ်ကြီးဟင်္သာ လာရစ်တဲ့ညတွေဆို ကျွန်တော်တို့ အကျဉ်းသားအချင်းချင်း တိုးတိုးလေး…
“ခဲဝါ တော့ရစ်ပြန်ပြီ…”လို့ ပြောကြတယ်။
အသံလည်းမထွက်ရဲပါဘူး။ အားလုံးက စောင်ခေါင်းမြီးခြုံ အိပ်ချင်ယောင်ဆောင်ကြတာပေါ့။
ဒါနဲ့ပြီးပြီလားဆို မပြီးပါဘူး။ သူ့စိတ်ကြိုက် ဖုန်းပြောပြီးပြီဆိုတာနဲ့ သူ့အကြိုက်တစ်ပုဒ်တည်းသောသီချင်း “မြို့ကြီးသူ” ကို စ,ဖွင့်တော့တာပါပဲ။
ဒီနေရာမှာ ကျွန်တော်မြင်သလောက်ပြောရရင် ခဲဝါ(ဟင်္သာ)နဲ့ ဝေလက အချင်းချင်းကြား အတော်ရင်းနှီးတဲ့ ဆက် ဆံရေး ရှိနေတာတွေ့ရပါတယ်။
နှစ်ယောက်သားဆုံပြီဆို ကိုယ်ရေးကိုယ်တာပြောရင်ပြော မဟုတ်ရင် ငယ်ကျိုးငယ်နာတွေ ပြောနေတတ်ပါတယ်။ တစ်ခုထပ်သတိထားမိတာက ဗိုလ်ဝေလက တပ်ကြပ်ကြီးဟင်္သာကို နည်းနည်းရှိန်နေပုံ ရပါတယ်။
ရဲဘော်ငယ်တွေကတော့ သူ့တို့နှစ်ယောက်စလုံးကို ကြောက်ရပေမယ့် ဗိုလ်ဝေလကို ပိုကြောက်ရပုံပါ။ မြင်ရင် တောင်စကားရဲရဲ မပြောရဲကြပါဘူး။ အကျဉ်းသားတွေဆို ဝေးပေါ့။ ကြောင်ဖားကြီးရှေ့ရောက်တဲ့ ကြွက်ကလေး တွေလိုပါပဲ။
ဒါလည်းအကြောင်းရှိပါတယ်။ ဗိုလ်ဝေလက အကျဉ်းသားတွေကို မထင်ရင်မထင်သလို ဆဲရဲတိုင်းထွာတတ် တယ်။ ချိုးချိုးဖဲ့ဖဲ့လည်း ပြောတတ်တယ်။ အကျဉ်းသားအချင်းချင်း စကားပြောနေတာတွေ့ရင်လည်း အကြီး အကျယ် ဒေါသူပုန် ထ,တတ်တာကြောင့်ပါ။
ကျွန်တော် စ,အဖမ်းခံရကတည်းက ၂၄ နာရီ သံခြေချင်းခတ် ထိပ်တုံးနဲ့နေရတာဆိုတော့ အခုခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေပါတယ်။
ခြေထောက်က မ,ရပြုရတာ မလွယ်ကူတော့သလို ခြေထောက်နှစ်ဖက်စလုံးရဲ့ ခြေမျက်စေ့အောက်နားက တအား နာကျင်ကိုက်ခဲနေပါတယ်။ သံကွင်းခက်ထားတဲ့နေရာဆို ယောင်ကိုင်းနေပြီး အနာတောင်ဖြစ်နေပါပြီ။
အထူးသဖြင့် အိပ်သာသွားတဲ့အခါတွေမှာ လဲကျမသွားအောင် ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းခဲ့ရတယ်။ အိမ်သာဆို တာကလည်း မည်ကာမတ္တပါပဲ။ အရှက်လုံရုံ အမိုးအကာတောင် မရှိပါဘူး။
အိမ်သာတတ်ရင်လည်း အစောင့်တစ်ယောက်က အမြဲပါနေတာဆိုတော့ ဖြစ်သလို စွန့်ခဲ့ရတာချည်းပါပဲ။
အပြင်ရာသီဥတုကလည်း ဆောင်းရာသီလည်းဖြစ်ပြန်၊ တောထဲမှာလည်းဖြစ်ပြန်ဆိုတော့ မနက်စောစော နှင်းတွေ ကျနေလိုက်တာ မိုးရွာတဲ့အတိုင်းပါပဲ။ တကယ်တော့ နှင်းမိုးရွာတာပါ။ ဒီရက်ပိုင်းက တော်တော်လေးလည်း အေး ပါတယ်။
အရင်ဆို နှင်းမိုးတွေရွာရင် ကဗျာဆန်တဲ့ နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့ခံစားချက်တွေနဲ့ ကြည်နူးရမှာ ဖြစ်ပေမယ့် အခုအခြေအနေက ဆန့်ကျင်ဘက်ပါ။ သံခြေချင်းခတ်ထားလို့ လျှောက်ရခက်တဲ့အထဲ နှင်းမိုးကြောင့် လမ်းချော လို့ ချော်လဲရတာကတစ်မှောင့်။
ဘာကြောင့်များပါလိမ့်။ လူတစ်ယောက်ရဲ့ လွတ်လပ်ခြင်းအရသာဟာ သူကိုယ်တိုင် အချုပ်အနှောင်ခံရတဲ့အချိန် ပိုတန်ဖိုးရှိသလို ခံစားရတာမျိုးပေါ့။
အဲလိုတွေးလိုက်တော့ ဘယ်ကနေရောက်လာမှန်းမသိတဲ့ ဒေါသစိတ်တွေ၊ မာနတွေ ရင်ထဲလှိုက်ကနဲဖြစ်သွားပါ တယ်။
ပြီးတော့ အများကြီး၊ အဝေးကြီးကို တွေးပစ်လိုက်ပါတယ်။ ဒီမိုကရေစီတွေ၊ ဖက်ဒရယ်တွေ အတွေးထဲ အစီအရီ ပေါ်လာနေပါတယ်။ တစ်စပ်တည်းမှာလည်း…
“ငါက လူထုရွေးကောက်တင်မြှောက်ခံရတဲ့ လူထုကိုယ်စားလှယ် တစ်ယောက်ကွ…” လို့ စိတ်ထဲမှာ ကြုံးဝါးနေ မိတယ်။
“ငါ့မှာ ငါ့ကိုယုံကြည်လို့ သူတို့ကို ကိုယ်စားပြုပေးပါဆိုတဲ့ မဲဆန္ဒရှင်တွေ ရှိတယ်ကွ…”။
အခုနေချိန် ဘယ်လိုပဲ အချုပ်အနှောင်ခံနေရပေမယ့် ကိုယ့်ဘဝနိမ့်ကျသွားတာမဟုတ်ဘူး။ ပိုတောင် ဂုဏ်ယူရ သေးတယ်…။ ကျွန်တော့်ရင်ထဲက ပဲ့တင်သံတွေပါ။
ဒါပေမယ့် ပစ္စုပ္ပန်ကို တည့်တည့်ပြန်ကြည့်တော့ ကျွန်တော်ဟာ သံခြေချင်းခတ်၊ ထိပ်တုံးခတ်ခံထားရတဲ့ ဝိသမ နိုင်ငံရေးရဲ့ သားကောင်တစ်ယောက်။
အနေဆင်းရဲခြင်း တနင့်တပိုးနဲ့ ဒီညတစ်ညတာ ဖြစ်သန်းရဦးမယ့် သူပုန်အကျဉ်းသာ။
*********
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
ကျွန်တော် မဖြစ်မနေရေးရမယ့် စာတစ်ကြောင်းအနေနဲ့ ဒီဝါကျကို ရေးပါတယ်။
“ဒီနေ့က ကျွန်တော် အေအေလက်ထဲရောက်နေတာ ၈ ရက်ရှိပါပြီ…”။
ဒီနေ့ မနက်ခင်းက ဆောင်းရာသီကြောင့် အပြင်ဘက်မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
ကျွန်တော်တို့ ပလက်ဝဒေသလည်း ကုလားတန်မြစ်တကြောဖြစ်တာကြောင့် အခုကျွန်တော်ရောက်နေတဲ့နေရာ ဟာ ပလက်ဝနဲ့ သိပ်ဝေးမှာမဟုတ်ဘူးလို့ အလိုလိုသိနေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နေရာလဲဆိုတာကျ တိတိကျ ကျ မသိပြန်ပါဘူး။
အဲဒီနေ့က တစ်နေ့လုံးဘယ်လိုကုန်ဆုံးခဲ့သလဲ ဆိုတာကို အခုနေ ကျွန်တော်ပြန်မမှတ်မိတော့ပါဘူး။ ကျွန်တော့်ရဲ့ ခတ်ခဲပင်ပန်းခဲ့ရတဲ့ နေ့ရက်တွေထဲက တစ်ရက်လို့ပဲ မှတ်ထားလိုက်ပါတယ်။ တကယ်လည်း အေအေလက်ထဲ ရောက်ကတည်းက စိတ်ချမ်းသာရတယ်၊ ရယ်မောပျှော်ရွှင်ရတယ်ဆိုတာ ရှိမှမရှိခဲ့တာကိုး။
ညနေ ငါးနာရီလောက်ကျတော့ အေအေ အယ်လ်ဖာ- ၃ စစ်ဒေသမှုး၊ ဗိုလ်မှုးခိုင်ရက္ခဆိုသူက တွေ့ ချင်တယ်ဆိုပြီး လာခေါ်ပါတယ်။
ကျွန်တော့်ကို သံခြေချင်းဖြုတ်ပေးပါတယ်။
အဲဒီအခိုက်အတန့်မှာ အပျော်စိတ်ကလေး လှိုက်ကနဲခံစားရပါတယ်။
အေအေထိပ်ပိုင်းအရာရှိတစ်ဦးနဲ့ တွေ့ရမှာဆိုတော့ အခြေအနေတစ်ခုခုတော့ ထူးလောက်တယ်။ ဒီမှာရောက်နေ တာကလည်း တစ်ပတ်ကျော်ပြီဆိုတော့ ပြန်လွှတ်ပေးဖို့လည်း ဖြစ်နိုင်လောက်တယ်…အဲလိုတွေ စိတ်ကူးယဉ်နေမိ တာကြောင့်ပါ။
ဒါလည်း အားနည်းချက်တစ်ခုလို့ပြောရင် ရနိုင်ပါရဲ့။ ကိုယ်တိုင်က အကြပ်အတည်းတစ်ခုခုထဲ ရောက်နေချိန်ဆို တွေးသမျှစဉ်စားချက်ရဲ့ ဗဟိုချက်မက အဲဒီ အခက်အခဲထဲက လွန်မြောက်ဖို့ပဲ မဟုတ်လား။
တစ်အောင့်နေတော့ ဗိုလ်မှုးခိုင်ရက္ခနေတဲ့ တဲဆီရောက်ပါတယ်။ သူက ဒီစခန်းရဲ့ အကြီးဆုံးအရာရှိပါ။
သူနဲ့အတူ တပ်ရင်းမှုးဗိုလ်ကြီးပိတောက်(အမည်ဝှက်)နဲ့ ဒုဗိုလ်ဝေလလည်း ရှိနေပါတယ်။ စားပွဲပေါ်မှာတော့ ဘလက်လေဘယ် ဝီစကီတစ်လုံးရယ်၊ ပန်းသီးစိပ်တွေရယ်၊ သစ်တော်သီးစိပ်တွေရယ် တွေ့ရပါတယ်။
ကျွန်တော့်ကို ထိုင်ခုံပေးပြီးတော့ ဗိုလ်မှုးခိုင်ရက္ခက…
“အရက်သောက်တတ်သလား…”
“ဆေးဖြစ်ဝါးဖြစ် နည်းနည်းပါးပါးသောက်ပါတယ်…”
သူကအရက်တစ်ခွက် ငှဲ့ပေးပါတယ်။
အမှန်က ကျွန်တော်သောက်ချင်စိတ် မရှိပါ။ အရက်သောက်တယ်ဆိုတာ သောက်ဖော်သောက်ဖက်ကြားမှာ တူခြင်းတော်တော်များများတူရမယ်လို့ ကျွန်တော်နားလည်ထားလို့ပါ။
ဥပမာပြောရရင် ဖြတ်သန်းပုံချင်း တူရင်တူရမယ်။ ခံယူချက်ချင်း တူရင်တူရမယ်။ လုပ်ကိုင်တဲ့လုပ်ငန်းသဘော တူရင်တူရမယ်။ အခြေအနေချင်း တူရင်တူရမယ်။ ကျန်တာအများကြီး ရှိမှာပါ။
အဲဒီထဲမှာ တစ်ခုခုလောက်တူရင်ကို အရက်အတူသောက်လို့ အဆင်ပြေပါပြီ။ ကျွန်တော်ဒီလိုပဲ ခံယူပါတယ်။
အခု အနေအထားက တူခြင်းလုံးဝမရှိတဲ့ အရက်ဝိုင်းဆိုတော့ သောက်ချင်တဲ့ အာသီသက ပေါ်မလာဘူးပေါ့။
သို့ပေမယ့် ကိုယ်ကမြေနိမ့်ရာ ရောက်နေသူပေပဲ။ ငှဲ့ထားတဲ့ခွက်ကိုယူပြီး ဖြည်းဖြည်းချင်း သောက်နေလိုက်ပါ တယ်။ ဘာရယ်မဟုတ် အချိန်ဆွဲတဲ့ သဘောပါ။
ဗိုလ်မှုးခိုင်ရက္ခက ပေါက်တောမြို့နယ်ဇာတိ။
အသက်အားဖြင့် ၃၆ နှစ်လောက်ပဲရှိအုံးမယ့်ပုံ။ ခန္ဓာကိုယ်ကျစ်လစ်တယ်။ ကြွက်သားတွေတောင့်တင်းတယ်။ အရပ်က မတိုမရှည်ပါပဲ။ အသားအနည်းငယ်ညိုပါတယ်။ အရင်က ဗဟန်းမှာနေခဲ့ဖူးတယ်ဆိုတာ သိရပါတယ်။
အရက်ဝိုင်းမှာတော့ ဗိုလ်မှုးခိုင်ရက္ခရယ်၊ ဗိုလ်ကြီးပိတောက်ရယ်၊ ကျွန်တော်ရယ် သုံးယောက်ပဲထိုင်ပါတယ်။ ဒုဗိုလ်ဝေလကတော့ ဘေးမှာမတ်တပ်ရပ်နေပါတယ်။
ဒါလည်း သူ့အရာရှိတွေကို ဘယ်လောက်လေးစားရကြောင်း ကျွန်တော့်ကို မိတ္တူပေးတဲ့ သဘောဖြစ်ကောင်းဖြစ် နိုင်ပါတယ်။
ဗိုလ်မှုးခိုင်ရက္ခ ငှဲ့ပေးတဲ့အရက်ခွက်ကို နည်းနည်းစီသောက်ရင်း ပန်းသီးစိတ်တွေစားနေမိပါတယ်။ ဒုတိယမြောက် ခွက်အတွက် ခိုင်ရက္ခကို ကျွန်တော်အရက်ငှဲ့ပေးပြီး ရေရောပေးမယ်လုပ်တော့ သူကရေမရောခိုင်းပါဘူး။
“အရက်ဆိုတာ ခပ်ပြင်းပြင်းသောက်မှ အရသာရှိတာ…” လို့ ပြောပါသေးတယ်။
အဲဒီညက သိပ်ထွေထွေထူးထူး မပြောဖြစ်။
ခိုင်ယက္ခက သူတို့အေအေအနေနဲ့ လွှတ်တော်အမတ်(ကျွန်တော်)ကို မေးမြန်းစရာ၊ စစ်ဆေးစရာတွေရှိတဲ့အတွက် ခေတ္တခေါ်ယူထားတာဖြစ်ပြီး အပြစ်အနာအဆာမရှိရင် ပြန်လွှတ်ပေးမယ်လို့ပဲ ပြောပါတယ်။ ဗိုလ်ကြီးပိတောက် က တစ်ခွန်းမှ ဝင်မပြောပဲ နားထောင်သူသက်သက် လုပ်နေပါတယ်။
ကျွန်တော်လည်း ဘာမှမပြောပါ။
ကျွန်တော့်ဘက်က အယူခံတဲ့သဘောနဲ့ ကျွန်တော်က ဘယ်လိုဘယ်ချမ်းသာ၊ အချင်းချင်းကြား နားလည်မှုလွဲတာ မျိုးဖြစ်မယ် ဘာညာပြောမနေပါဘူး။ သူတို့ဘက်က အဲဒီလိုများပြောစေချင်သလားတော့ မသိ။
အဲဒီလို မပြောတာဖြစ်တာက ကိုယ်ကတော်တည့်ဖြောင့်မှန်တဲ့ သူတစ်ယောက်သာဖြစ်တဲ့အကြောင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ကျွန်တော့်အတွက်တော့ အဲဒီညသောက်တဲ့ အရက်က တော်တော်ခါးတယ်လို့ ခံစားမိတယ်။
အပြင်မှာ တော်တော်မှောင်လာတော့ အရက်မကုန်ခင်မှာပဲ
“အအေးပိုလာလို့ ကျွန်တော်ပြန်ချင်ပြီ…”
ပြောပြီး အစောင့်ရဲဘော် နှစ်ယောက်နဲ့အတူ ပြန်လာခဲ့ပါတယ်။
တဲပြန်ရောက်တာနဲ့ ချက်ချင်းပဲ သံခြေကျင်းခတ်၊ ထိပ်တုံးခတ်လိုက်ပါတယ်။
အဲဒီနေ့ညကတော့ တောင်တောင်အီအီ မတွေးဖြစ်တော့ပါ။ မသောက်ဖြစ်တာကြာတဲ့ အရက်ရှိန်လည်းပါတယ် ထင်ပါရဲ့။ ကျွန်တော် ချက်ချင်းအိပ် ပျော်သွားပါတယ်။
*********
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
ဒီနေ့ကတော့ ကျွန်တော် အေအေလက်ထဲရောက်နေတာ ၉ ရက်မြောက်နေ့ပေါ့။
ဆောင်းရာသီရဲ့ နေသာတဲ့မနက်ခင်းတစ်ခုဆိုတော့ ရာသီဥတုက သာသာယာယာရှိပါတယ်။ ဆောင်းရဲ့အငွေ့ အသက်ကတော့ ပီပီပြင်ပြင် ရှိလွန်းပါတယ်။ မြူတွေပိန်းပိတ်နေတာ မနက် ၉ နာရီလောက်မှာမှ နည်းနည်းပြယ်စ ပြုပါတယ်။
ငယ်ငယ်ကျောင်းသားဘဝ မနက်အားလပ်ချိန်ရတဲ့(၁၀ နာရီ ၁၅ မိနစ်)အချိန် နေပူစာလုံကောင်းရင်း၊ အတန်းဖော် တွေနဲ့ လေကောင်းရင်း အတန်းတက်ခေါင်းလောင်းသံမကြားမိတာတွေ သတိရမိသေးတယ်။
မနက် ၁၀ နာရီ လောက်မှာတော့ မထင်မှတ်ပဲ ကျွန်တော့်ကိုစစ်ဆေးမေးမြန်းမယ်ဆိုပြီး မနေ့ကဗိုမှူးခိုင်ရက္ခနဲ့အတူ တွေ့ခဲ့တဲ့ တပ်ရင်းမှူးဗိုလ်ကြီးပိတောက်ဆီ ခေါ်သွားပါတယ်။
အော်… မနေ့က ရက်ဝိုင်းက ကျွန်တော့်ကို ကြိုအသိပေးလိုက်တဲ့ သဘောပါလား။
စစ်ဆေးမေးမြန်းမယ့်သူက နှစ်ယောက်ပါ။ ဗိုလ်ကြီးပိတောက်နဲ့ တပ်ကြပ်ကြီးအဆင့်ရှိ ဆေးမှူးတစ်ဦး(သူ့နာမည် ကိုတော့မသိ) ပါ။
ပြီးတော့ မှတ်တမ်းယူမယ့်ရဲဘော်တစ်ယောက်အပြင် လက်နက်အပြည့်အစုံ အသင့်အနေအထားနဲ့ ရဲဘော်လေး ယောက်လည်း ရှိနေပါတယ်။
အစမှာ နာမည်၊ မှတ်ပုံတင်နံပါတ်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်… စတာတွေမေးပါတယ်။
ပထမဆုံးမေးခွန်းကတော့ …
“ဦးဝှေ့တင်းအနေဖြင့် ပလက်ဝမြို့နယ်အတွင်းရှိစစ်တပ်များ၏ ထောက်လှမ်းရေးအဖြစ်ထားရှိတဲ့ နယ်စပ် သတင်းထောက်များနှင့် အဆက်အသွယ် ရှိ/မရှိ” ဖြစ်ပါတယ်။
ပြီးတော့ တစ်စပ်တည်းပဲ သူတို့အနေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ သိထားပြီးဖြစ်ကြောင်းလည်း ပြောပါ တယ်။
ကျွန်တော့်အဖြေက
“အဆက်အသွယ် လုံးဝမရှိပါဘူး…”
ဟုတ်တယ်လေ။
သူတို့ပြောတဲ့ အစိုးရတပ်တွေရဲ့ နယ်စပ်သတင်းထောက်ဆိုတာကိုလည်း မကြားဖူးသလို တကယ်လို့ရှိတယ်ဆို လည်း အဲဒီနယ်စပ်သတင်းထောက်တွေက ကျွန်တော့်ဆီက သတင်းယူစရာမှ မလိုတာ။ ယူချင်းယူ ဒေသခံတွေ ဆီကပဲ ယူမှာပေါ့။
ဒုတိယမေးခွန်းက
“မြန်မာ့တပ်မတော်က ထားရှိသော နယ်စပ်ထောက်လှမ်းရေးများနှင့် ဆက်သွယ်ရရှိသော သတင်းများကို တပ်မ တော်ထံ သတင်းပေးပို့မှု ရှိ/မရှိ” ဖြစ်ပါတယ်။
ကျွန်တော်က စောစောကအဖြေလိုပဲ၊ လုံးဝအဆက်အသွယ်မရှိတဲ့အကြောင်း ဖြေလိုက်ပါတယ်။ အဲဒီအဖြေကို သူတို့တော်တော်မကျေနပ်ပုံရပါတယ်။
အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ ဗိုလ်ကြီးပိတောက်က လိမ်မပြောဖို့မကြိုးစားနဲ့၊ သူတို့ဘက်က သတင်းတိတိကျကျ ရထားတယ်ဆိုတာကို အသံမြှင့်ပြီး သတိပေးပါတယ်။
ဆေးမှုးဆိုသူ တပ်ကြပ်ကြီးက…
“ဖုန်း…ဖုန်း..”
ကျွန်တော့် ရင်ညွန့်ကို အားပါတဲ့လက်သီးနဲ့ နှစ်ချက်ဆင့်ထိုးပါတယ်။
အပိုင်း (၇) ဆက်လက်ဖက်ရှုပါရန်။