ပလက်ဝမြို့နယ်တွင် ရေယာဉ်များနှင့် ယာဉ်မောင်းများ အေအေထံ လိုင်စင်ပြုလုပ်ရ
မေလ ၇ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ မှ စတင်၍ ဟွန်ဒါစက်တပ်လှေ(သုံးချက်ခင်းအထက်) နှင့် စက်လှေကြီးများ(ကုန်တင်) စသည့် ရေယာဉ်များအားလုံး အေအေထံတွင် ယာဉ်မှတ်ပုံတင်လိုင်စင်နှင့် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ရကြောင်း ယနေ့ မေလ ၇ ရက်နေ့တွင် ပလက်ဝဒေသခံ ယာဉ်ပိုင်ရှင်များ၏ သတင်းပေးပို့ချက်အရ သိရသည်။
“ဟွန်ဒါစက်လှေတွေအားလုံး(သုံးချက်ခင်းအထက်) အသေး၊ အကြီး အေအေတွေဆီမှာ အခွန်ဆောင်ရတယ်။ ယာဉ်မောင်းလိုင်စင်လည်း လုပ်ရတယ်။ အလကားတော့ လုပ်ပေးတာ မဟုတ်ဘူး။ တစ်သိန်းခွဲ ပေးခဲ့ရတယ်။ အိန္ဒိယဘက်ကိုသွားတဲ့အခါ ရှင်းလက်ဝရွာမှာ ရောက်ရင်တော့ အေအေဂိတ်မှာ စက်လှေတစ်စီးကို နှစ်ထောင်စီ ပုံမှန်ပေးရတယ်။ အိန္ဒိယကသယ်လာတဲ့ ကုန်တွေထဲမှာ စားသောက်ကုန်ကလွဲလို့ ဆေးဝါးတွေ၊ စက်သုံးဆီတွေနဲ့ တခြားပစ္စည်းတွေသယ်လာရင် ပစ္စည်းတန်ဖိုးရဲ့ သုံးရာခိုင်နှုန်း အခွန်ဆောင်ရတယ်…” ဟု ဟွန်ဒါစက်လှေပိုင်ရှင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
အေအေထံတွင် ယာဉ်လိုင်စင်ပြုလုပ်သည့်အခါ မြန်မာကျပ်ငွေ တစ်သိန်းငါးထောင်ကျပ် ပေးဆောင်ရကာ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းမှာ ပြုလုပ်သည့်နေ့မှစ၍ တစ်နှစ်ဖြစ်ပြီး လိုင်စင်သက်တမ်းကုန်ဆုံးကာ သက်တမ်းတိုးရန်နောက်ကျလျှင် ဒဏ်ကြေးပေးဆောင်ရကြောင်းနှင့် လိုင်စင်မပြုလုပ်သည့် ယာဉ်များကို မောင်းနှင်ခွင့်မပြုဘဲ သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
“ပလက်ဝမြို့နယ် ကုလားတန်မြစ်တစ်ကြောမှာ ပလက်ဝ၊ နှုံးဘူး၊ ကူဝ၊ မီးဇာ၊ ရှင်းလက်ဝ၊ ကုန်ပြင်အထက် တို့မှာ အေအေရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ အဲဒီဂိတ်တွေမှာ မဖြစ်မနေ သတင်းပို့ရတယ်။ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ကုန်ပစ္စည်းစာရင်း၊ ယာဉ်ပေါ်တွင်ပါလာသည့် လူဦးရေ စတာတွေကို သတင်းပို့တဲ့အခါ ပြောရတယ်။ ပိုက်ဆံပေးရတာတော့ ရှင်းလက်ဝဂိတ်မှာပဲ ပေးရတာ…” ဟု ယာဉ်မောင်းတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်တွင် အေအေ၏အုပ်ချုပ်ရေးယန္တရား လည်ပတ်လာသည့်အချိန်မှစ၍ အသွားအလာကန့်သတ်မှုများ၊ တင်းကြပ်စွာစစ်ဆေးခံရခြင်းများ၊ တစ်နေရာနှင့်တစ်နေရာသွားလိုလျှင် အေအေထံတွင် ထောက်ခံစာများတောင်းယူရခြင်းများ၊ ဧည့်စာရင်းတိုင်ကြားနေရခြင်းများ ပြုလုပ်ရသည့်အပြင် ပလက်ဝဒေသခံများအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ကိုလည်း သိရသည်။
သတင်း – James Roe
Photo by Salai SangLa
ပုံစာ – ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ပုံ။