အိန္ဒိယ – ပါကစ္စတန် စစ်ရေးတင်းမာမှုကြောင့် အိန္ဒိယနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိရှိစွာ နေထိုင်ရန် India For Myanmar အဖွဲ့မှ အသိပေး
မေလ ၈ ရက်၊ ၂၀၂၅။
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ အကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသတွင်းတွင် မလိုလားအပ်သည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အိန္ဒိယနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိရှိစွာ နေထိုင်ရန် India For Myanmar အဖွဲ့မှ မေလ ၇ ရက်နေ့တွင် တိုက်တွန်းအသိပေးထားသည်ကို သိရသည်။
အိန္ဒိယနိုင်ငံသို့ ခိုလှုံလာကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိန္ဒိယနိုင်ငံသားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် လုပ်ရပ်များမှ ရှောင်ကြဉ်ရန်၊ နိုင်ငံ၏ဥပဒေများ၊ ဒေသန္တရ စည်းမျဉ်းစည်းကမ်းများနှင့် ထုတ်ပြန်ချက်များကို အလေးနက်ထား ပူးပေါင်းဆောက်ရွက်ပေးကြရန် တိုက်တွန်းထားပြီး လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံခေါင်းဆောင်များအနေဖြင့် နိုင်ငံလုံခြုံရေးနှင့် နိုင်ငံသားများ၏ အရေးကိစ္စများ ဦးစာပေး အာရုံစိုက်နေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသးများသည်လည်း ဘက်ပေါင်းစုံ အခက်ခဲများစွာ ရင်ဆိုင်ကြုံနေရသလို အိန္ဒိယနိုင်ငံသည်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ကို အပြည့်အဝစာနာနားလည်ပြီး နိုင်ငံတွင်းချမှတ်ထားသည့် စည်းကမ်းများကို မယိမ်းမယိုင် လိုက်နာကာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း India For Myanmar က တိုက်တွန်းထားသည်ကို သိရသည်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီးနောက် တိုက်ပွဲများနှင့် အသက်အန္တရာယ် ခြိမ်းခြောက်နေမှုများကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြန်မာနိုင်ငံသား သောင်းချီသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီ တို့တွင် ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။
သတင်း – James Roe