IKACC/ PC ၏ ဆမီးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်တင်မြောက်ခြင်းနှင့် ပြည်သူ့တွေ့ဆုံပွဲ ပြုလုပ်
မေလ ၁၀ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC နှင့် ပလက်ဝ ကောင်စီ(PC) ၏ ဆမီးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်တင်မြောက်ခြင်းနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ပလက်ဝကောင်စီ ထိန်းချုပ်နေရာတစ်နေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် IKACC/ PC ၏ တတိယအကြိမ်မြောက် ညီလာခံက ရေးဆွဲချမှတ် အတည်ပြု ဆုံးဖြတ်ခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းများ(Charter of Paletwa Council)၊ ပြည်သူ့အုပ်ချုပ်ရေး မူဝါဒနှင့်စည်းမျဉ်းများ၊ ကာကွယ်ရေးမူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းခြင်း နှင့် တက်ရောက်လာသော ကိုယ်စားလှယ်များမှ ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၅ -၂၀၂၇ ခုနှစ် သက်တမ်း ဒေသအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းအတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဆလိုင်းအောင်လင်းက “ကျွန်တော်တို့ ပလက်ဝဒေသန္တရအစိုးရအနေနဲ့ ဒီနှစ်မှာတော့ ညီလာခံမှာ ဆုံးဖြတ်အတည်ပြုထားတဲ့ မူဝါဒတွေအတိုင်း အုပ်ချုပ်ရေးနယ်မြေ ဒေသလေးခုဖြစ်တဲ့ ဆမီး၊ မီးဇာ၊ ပလက်ဝ၊ သံထောင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်…” ဟု ခူမီးမီဒီယာကို ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် IKACC ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် လူဦးရေ ၇၀ ကျော် ရှိကြောင်း သိရသည်။
သတင် – James Roe
Photo by CDF – Paletwa
ပုံစာ – IKACC/ PC ပြည်သူ့တွေ့ဆုံပွဲ ပြုလုပ်ကျင်းပနေပုံ။
