အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြု ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီတို့ ယှဉ်ပြိုင်မည်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြု ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီတို့ ယှဉ်ပြိုင်မည်

မေလ ၁၁ ရက်၊ ၂၀၂၅။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြု ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီတို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်ကို သိရသည်။

ခူမီးအမျိုးသားပါတီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ကြောင်း သိရသည်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ကြောင်း သိရသည်။

ဇိုမီးအမျိုးသားပါတီ(Zomi National Party) သည် ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်မှ စတင်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အထိ တစ်လ အချိန်ယူကာ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားပြီး ပါတီတည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများအား မှတ်ပုံတင်စေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီအသစ် လျှောက်ထားသည့် ပါတီ ၂၇ ခု နှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ခု စုစုပေါင်း ပါတီ ၇၇ ခု လျှောက်ထားကြောင်း၊ ပါတီတည်ထောင် ခွင့်ပြုနိုင်ရေး ဆက်လက် စိစစ်နေကြောင်း မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်ကို သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အပါအဝင် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသား အခြေပြုပါတီများအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီ) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ စသည်တို့ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *