ချင်းညီနောင်၏ မြေပြင်အစည်းအဝေးနှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်

ချင်းညီနောင်၏ မြေပြင်အစည်းအဝေးနှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်

မေလ ၁၂ ရက်၊ ၂၀၂၅။

ချင်းညီနောင် မြေပြင်အစည်းအဝေးကို ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ချင်းညီနောင်က မြေပြင်အစည်းအဝေးနှင့် စပ်လျဉ်း၍ ‌ကြေညာချက်ထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းညီနောင်အဖွဲ့ဝင်အားလုံး ပေါင်းစည်းကာ ချင်းအမျိုးသားတရပ်လုံး အကာအကွယ်ပေးနိုင်သည့် ပိုမို ကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ်(Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်ပြီးဖြစ်ကြောင်း၊ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင် ချင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခြင်း အစရှိသည့် ဒီမိုကရေစီစံနှုန်းများပါဝင်သည့် Term of Reference (ToR) အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း သဘောတူထားကြောင်း သိရသည်။

ချင်းညီနောင်ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာဖိုလှုံရေး စသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ မိဘပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီချက်များ ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းညီနောင်က မြေပြင်အစည်းအဝေးတွင် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် CNO/CNDF ၊ ZFU PDF Zoland ၊ CDF Mindat ၊ MTC/ MDF ၊ CDF- Kanpetlet နှင့် CDF-Matupi Brigade 1 မှ ကိုယ်စားလှယ် စုစုပေါင်း (၃၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *