ပလက်ဝမြို့နယ်တွင် အခြေခံစားသောက်ကုန်များနှင့် ဓါတ်ဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဒေသခံများ စိုးရိမ်ကြောင့်ကြနေ
မေလ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အခြေခံစားသောက်ကုန်များနှင့် ဓါတ်ဆီဈေး တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းမြင့်တက်လာနေသည့်အတွက် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပြီး စိုးရိမ်ကြောင့်ကြမှု များပြားလာနေကြောင်း ဒေသခံများထံမှ ယနေ့ မတ်လ ၂၀ ရက်နေ့ သတင်းပေးပို့ချက်အရ သိရသည်။
“ကုန်ဈေးနှုန်းတွေက တက်နေတာပဲရှိတယ်။ တအားခက်ခဲလာပြီ။ ကုန်တွေက ကိုယ်လိုချင်တိုင်းလည်း ဝယ်လို့ရတာမဟုတ်ဘူး။ ကုန်တွေက အမြဲပြတ်လပ်နေတယ်။ ကြိုမှာထားတာတွေ လုပ်ရတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ဖို့ကလည်း လွတ်လွတ်လပ်လပ် လည်းသွားလာလို့မရဘူး။ အေအေဆီမှာ သတင်းပို့ရတာတွေ လုပ်ရတယ်။ အသွားအလာလုပ်ချင်ရင် ရက်အကန့်အသတ်နဲ့ပဲ သွားလာလို့ပဲရတာ။ ဘယ်လိုတွေ ဖြစ်လာအုံးမလဲ မသိတော့ဘူး။ ပြည်သူတွေအားလုံးက စိုးရိမ်ကြောင့်ကြနေကြပြီ…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း ဆန်(ဆန်ကြမ်း) တအိတ်ကို ၈၀၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ်၊ စားဆီ တစ်လီတာကို ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်၊ ဆား တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ဟင်းခပ်အချိုမှုန့် နို့ဆီဗူးတစ်ဗူးကို ၅၀၀၀ ကျပ်၊ ငါးပိ တစ်ပိဿာ ၈၀၀၀ ကျပ်၊ သကြား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ မာမီးခေါက်ဆွဲ(အထုပ်သေး) တစ်ထုပ်ကို ၃၀၀၀ ကျပ်၊ ကော်ဖီမစ် (အထုပ်သေး) တစ်ထုပ်ကို ၁၀၀၀ ကျပ်၊ အချိုရည် တစ်ဗူးကို ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄၀၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်၊ ရေသန့် တစ်လီတာ တစ်ဗူးကို ၃၀၀၀ ကျပ်၊ ကြက် တစ်ကောင် ၅၀၀၀၀ ကျပ်၊ ဝတ်(အသေး) တစ်ကောင်ကို ၄၀၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ ကျပ်၊ နွားတစ်ကောင်ကို ၁၄ သိန်းမှ ၁၅ သိန်းကျပ် ပေးရပြီး ဓါတ်ဆီ တစ်လီတာကို ၉၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် အထိ ပေးရကြောင်း ဒေသခံများထံမှ သိရသည်။
“ရှေ့ဆက်ပြီးတော့လည်း ပလက်ဝမြို့နယ်မှာ အခက်အခဲတွေ ကြုံတွေ့နေရအုံးမှာပဲ။ ဘာစီးပွားရေးမှလည်း လုပ်လို့မရ၊ ဘာဝင်ငွေမှလည်းမရှိ၊ ဖုန်းလိုင်း/အင်တာနက်လိုင်းလည်းမရကြတော့ နိုင်ငံခြားမှာရောက်နေတဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမတွေနဲ့လည်း အဆက်အသွယ်ပြတ်ပြီး ပိုက်ဆံမှာလို့ မရတော့ဘူးလေ။ ခုနောက်ပိုင်း ဘာအထောက်အပံ့မှ မရတော့ဘူး။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြပ်တည်းလာတယ်။ အဆင်မပြေတဲ့ မိသားစုတွေများလာပြီ။ ဒီအတိုင်းဆိုရင် ဘယ်လို နေထိုင်စားသောက်ရမလဲ မသိတော့ဘူး…” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်အတွက် အခြေခံစားသောက်ကုန်များကို အဓိကအားဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မကွေးတိုင်းဘက်မှ တင်သွင်းရခြင်းဖြစ်ပြီး လမ်းခရီးကြန့်ကြာခြင်း၊ ဂိတ်ကြေးပေးဆောင်ရခြင်း၊ စက်သုံးဆီးဈေးမြင့်တက်ခြင်း စသည်တို့ကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe