ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် အေအေအရာရှိတစ်ဦးက ခရစ်ယာန်ပါစတာတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်လွန်မှု ဖြစ်ပွား
မေလ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်(MBC)မှ သိက္ခာတော်ရ ပါစတာ ဆရာဦးလိုဒိန်းအား ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် အေအေအရာရှိတစ်ဦးက ရိုက်နှက်၊ ထိုးကြိတ်၊ ကန်ကြောက်ပြီး ခြိမ်းခြောက်စကားပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ မေလ ၁၆ ရက်နေ့တွင် ကာယာကံ ရှင်၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။
အေအေတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပါစတာဆရာလိုဒိန်းအား ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီခန့် ဘုရား ဝတ်ပြုပြီး၍ ပြန်လာသည့်အချိန်တွင် အေအေတပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အေအေဗိုလ်ကြီးဆိုသူမှ မည် သည့် အကြောင်းပြချက်မှမပေးဘဲ ပစ္စတိုသေနတ်ဖြင့် နားထင်တွင်ထောက်ကာ ဆဲဆို၍ ခြိမ်းခြောက် ပြောဆိုပြီး ထိုးကြိတ်ခြင်း၊ ကန်ကြောက်ခြင်း၊ ရိုက်နှက်ခြင်းများ ထပ်ဖန်တလဲလဲပြုလုပ်ခဲ့ကြောင်း၊ ပါစတာမှာ ဒဏ်ရာများ ရရှိခဲ့ပြီး ည ၉ နာရီ ဝန်းကျင်တွင် အေအေတပ်သား နှစ်ဦးမှ အိမ်သို့ပြန်ပို့ခဲ့ကြောင်း ပါစတာ၏ မိသားစုထံမှ သိရ သည်။
“ကျွန်ုပ်အား ကြောက်လား၊ ငါ့အကြောင်းသိလား၊ ကြောက်ပြီလား ဟု ပြောရင်းနဲ့ လက်သီးနဲ့ ဆက်တိုက်ဆိုသလို ထိုးမြဲထိုးတယ်။ ပြီးတော့ ကုလားထိုင်ခုံပေါ်မှာ ထိုင်ခိုင်းပြီးတော့ ခြေထောက်နဲ့ ကန်ကြောက်တဲ့အတွက် မြေကြီး ပေါ်ကို လဲကျသွားတယ်၊ ဒါကို အတင်းပြန်ထိုင်ခိုင်းပြန်တယ်၊ ပြီးတော့ ပြန်ထိုးလိုက် ခြေထောက်နဲ့ ဆောင့်ကန် လိုက် လုပ်တယ်။ လုံးဝမနိုင်တော့မှပဲ အေအေဗိုလ်ကြီးက ရပ်သွားတာ။ သူက ပြောတာက ကောင်းကောင်းနေပါ။ ငါတို့နဲ့ ပူးပေါင်းပြီးအလုပ်လုပ်ပါ။ မင်းကို ငါတို့က စောင့်ကြည့်နေတော့မယ်လို့ ပြောတယ်။ ပြီးတော့ ဒီညကိစ္စကို ဘယ်သူ့ကိုမှမပြောနဲ့။ ဒီသတင်းတခြားလူတွေသိလို့ကတော့ မလွယ်ဘူးမှတ်။ ကောင်းကောင်းနေပါ။ ငါတို့နဲ့ ပူးပေါင်းပြီး အလုပ်လုပ်ပါလို့ ပြောပြီးတော့ အေအေနှစ်ယောက်ကို အိမ်ကိုပို့ခိုင်းတယ်။ ခန္ဓာတစ်ခုလုံး မလှုပ်နိုင် တော့ဘူး။ အနာလည်းရတယ်…” ဟု ပါစတာက ခူမီးမီဒီသို့ ပြောသည်။
ဆရာသည် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC) မှ အသိမှတ်ပြု ဓမ္မဝန်ထမ်း ကဒ်အမှတ် – 12124 ကို ကိုင်ဆောင်သည့် သိက္ခာတော်ရဆရာတော်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ အေအေဗိုလ်ကြီးက ကိုယ်ထိလက်ရောက် ရိုက်နှက်နှိက်စက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ထိုလုပ်ရပ်သည် မည်သည့်အကြောင်းပြချက်လည်း မရှိသည့်အပြင် စော်ကားသည့် လုပ်ရပ်လည်းဖြစ်ကြောင်း၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တစ်ဦးကို စော်ကားခြင်းလည်း ဖြစ်ကြောင်း၊ ခရစ်ယာန်ဘာသာကို မထိမဲ့မြင်ပြုခြင်းလည်းဖြစ်ကြောင်း အသင်းသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ယခုဖြစ်စဉ်မတိုင်မီ ခဝဲကျေးရွာတွင် နှစ်စဉ်ပုံမှန်ပြုလုပ်လေ့ရှိသည့် ကယ်တင်ခြင်းသင်တန်း(ခေါ်) နှစ်ခြင်း မင်္ဂလာဝတ် ခံယူရန်အတွက် သုံးရက်တာသင်တန်းကို ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး သင် တန်းပြုလုပ်ရန်အတွက်လည်း ခဝဲကျေးရွာရှိ အာရက္ခတပ်တော် အေအေအစိုးရ၊ နယ်မြေမှူးရုံးနှင့် အေအေ၏ ဒုနယ်မြေမှူးဦးကျော်ကျော်ထံတွင် ခွင့်ပြုချက် တောင်းခံခဲ့ပြီး သင်တန်းပြုလုပ်ခွင့်ရရှိ၍ သင်တန်းသုံးရက်တာ ပြုလုပ်ခဲ့ပြီးနောက်တွင် အေအေအရာရှိ ဗိုလ်ကြီး ဆိုသူမှ ဆရာဦးလိုဒိန်းအား ညှင်းပန်းနှိပ်စက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဆရာဦးလိုဒိန်းသည် ညှင်းပန်းနှိပ်စက်ခံရပြီးနောက် ခဝဲရွာတွင်ပင် ဆေးကုသမှုခံယူခဲ့ပြီးနောက် လက်ရှိတွင် လုံခြုံ သည့်နေရာသို့ရောက်ရှိနေပြီး အတွင်းဒဏ်ရာများကို ဆက်လက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း – James Roe