ချင်းပြည်၊ ပလက်ဝမြို့နယ်အရေးနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က Chin World Media နှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြား
မေလ ၂၃ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်အရေးနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က Chin World Media နှင့် ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့ပြီး အထူးသဖြင့် “ချင်း ညီနောင် CB အဖွဲ့ဝင်တွေဟာ ပလက်ဝအရေးမှာ မဟာမိတ် AA ကို အားနာပြီး အထူးသဖြင့် ကိုယ့်ချင်းလူမျိုး ပလက်ဝအရေးမှာ နှုတ်ဆိတ်နေတယ်။ AA ကို ထိရင် သည်းခံမှုနည်းတယ်လို့ ဝေဖန်မှုတွေများတယ်။ အဲဒါ ဘာ ကြောင့်လဲဆိုတာ ရှင်းပြပေးပါ…” ဆိုသည့် မေးခွန်းကို အလေးထားဖြေကြားခဲ့သည်။
“ပလက်ဝအရေးနဲ့ ပတ်သက်ပြီးမှ နှုတ်မဆိတ်ခဲ့ပါဘူး။ ပလက်ဝအရေးနဲ့ပတ်သက်ပြီး၂၀၂၃-၂၄ တောက်လျှောက် ကျွန်တော်တို့ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် လူတွေက မပြောဘူးလို့ ထင်နေတာက သူတို့ကြားချင်တဲ့စကား၊ သူတို့လိုချင်တဲ့အဖြေ မပြောတော့ နှုတ်ဆိတ်တယ်လို့ ပြောတာပေါ့။ သူတို့လိုချင်တဲ့အဖြေ မရလို့နေမှာပေါ့။ ကျွန်တော်တို့က နာမည်ကြီးထမင်းငတ် နိုင်ငံရေးလုပ်လို့မရဘူး…”
“လိုင်းပေါ်မှာ ဆွေးနွေးဝေဖန်တိုက်ခိုက်ပြီးတော့မှ မြေပြင်အခြေအနေကို လျစ်လျူရှုလို့တော့ မရဘူး။ ကျွန်တော် တို့ နားလည်ထားတဲ့၊ လက်ခံထားတဲ့ မြေပြင်အခြေအနေတွေက ပလက်ဝမှာ ခူမီးတွေရှိမယ်။ မရာတွေရှိတယ်။ ပြောချင်တာက နာမည်ကြီးထမင်းငတ်ဆိုတာက လိုင်းပေါ်မှာ လူကြားကောင်းအောင် ပလက်ဝအရေးကို ချဉ်း ကပ်တာက မှန်ကန်မှုမရှိဘူးလို့ ကျွန်တော်တော့ထင်တယ်။ လူမျိုးရေးကို ဆွပေးတာက ဈေးပေါတဲ့နိုင်ငံရေး လှည့်ကွက်တွေပဲ။ နောက်ဆုံးကျတော့ လူမျိုးရေးတွေ လှုံ့ဆော်တိုက်ခိုက်ပေးတဲ့ အတွက်ကြောင့် ဘယ်သူ့အ တွက်မှ အကျိုးမရှိလာတဲ့အပြင် ကျွန်တော်တို့ကာကွယ်ပေးချင်တဲ့ ကျွန်တော်တို့ တောင်းဆိုပေးချင်တဲ့ ပလက်ဝ ဒေသခံ ခူမီးတွေအတွက် အနေကြပ်စရာတွေ ပိုပြီးတော့ ဖြစ်လာတယ်…”
“ပလက်ဝမှာရှိတဲ့ အများဆုံးဖြစ်တဲ့ ခူမီးတွေ၊ ပြီးတော့ မရာတွေ၊ ဒိုင်တွေ၊ ရခိုင်တွေ… ကြားထဲမှာ လေးတူတို့၊ စုမ်းတူတို့…ရှိသေးတယ်ပေါ့။ အဲဒါတွေအကုန်လုံးက ပူးပေါင်းပါဝင်တဲ့ ဒေသခံတွေပဲပေါ့နော်။ အုပ်ချုပ်ရေး ဖြစ်ဖြစ်၊ တရားစီရင်ရေးဖြစ်ဖြစ် တကယ် Process တစ်ခုလုံးမှာ ပူးပေါင်းပါဝင်တဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး၊ အေးချမ်းရေးကို ပါဝင်တဲ့ပုံ သွားချင်တယ်…”
“ကျွန်တော်တို့က လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီးမှ ခူမီးတွေကို မြှောက်ပေး၊ လူမျိုးရေး သွေးထိုး ပင့်ကော်လုပ် ပေးပြီးတော့မှ ခူမီးတွေကိုပဲ ထိုးကျွေးတဲ့သဘောမျိုးလုပ်လို့ မရဘူး။ ဘာလို့လည်းဆိုတော့ အခြေအနေအချိန် အခါအရ ကျွန်တော်တို့စောင့်ကြည့်ရမယ်။ အဓိကကတော့ ပလက်ဝဒေမှာရှိတဲ့ လူမျိုးတွေ အကုန်လုံးပါဝင်ရ မယ်…”
“အခုဆို တည်ငြိမ်နေပါပြီ။ တည်ငြိမ်တဲ့အခါကျရင် ကျွန်တော်တို့အနေနဲ့ ဥပမာ ပလက်ဝမှာ အာရက္ခတပ်တော်က အမှုတစ်ခုဖြစ်တယ်။ သူတို့ဝန်ခံတယ်။ ဟုတ်တယ်၊ ကျွန်တော်တို့ကျူးလွန်သွားတယ်။ ထိုက်ထိုက်တန်တန် အ ပြစ်ပေးမယ်။ လုံးဝစီရင်မယ်။ ဆုံးဖြတ်မယ်… ဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်။ ကျွန်တော်တို့ဘက်မှာသာ ပြောင်လိမ်ပြောင်စား၊ အွန်လိုင်းပေါ်မှာ အားလုံးသိတဲ့ဟာကြီးကိုပဲ မျက်နှာပြောင်တိုက်ပြီးမှ၊ ရူးချင်ယောင် ဆောင်ပြီးမှ ပြောင်လိမ်ပြောင်စားပေါ့လေ ဝန်မခံဘူးပေါ့နော်။ သူတို့ကိုယ်တိုင်လည်းသိတယ်။ အားလုံးလည်း သိတယ်။ ကာယာကံရှင်တွေလည်း သိတယ်။ အဲဒီလိုအခြေအနေတွေပေါ့။ နိုင်ငံရေးမှာတော့ အဲလိုမျိုးလုပ်လို့ တော့ မရဘူး။ ကျွန်တော်တို့တောက်လျှောက်ပြောနေတဲ့ ယုံကြည်မှုတည်ဆောက်တဲ့အပိုင်း ဆိုတာလည်း အဲဒါ ပဲ…”
“ကျွန်တော်တို့အနေနဲ့ ၂၀၂၃ ခုနှစ်တုန်းကပဲ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း ပြောကြပါတယ်။ ပလက်ဝအရေးနဲ့ ပတ်သက်ပြီး တစ်ချို့တစ်ချို့သောအရာတွေက တည်ငြိမ်လာတဲ့အချိန်မှာ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးပြီး တော့မှ အဖြေရှာရမယ်။ ပလက်ဝမှာနေထိုင်တဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေး အပြည့်အဝရဖို့၊ တရားဥပဒေ အကာအကွယ်ရဖို့၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တရားစီရင်ရေးတွေမှာ သူတို့ကိုယ်တိုင်… ကိုယ်တိုင်ကိုယ်ကျ ပါဝင် ခွင့်ရလာဖို့ဆိုတာ ရှိကိုရှိရမှာဖြစ်တယ်။ ဒါပေမယ့် တဖြည်းဖြည်း ရှိလာအောင်လုပ်ရမှာပေါ့နော်။ အဲလိုမျိုးတွေကို တိုင်တိုင်ပင်ပင်နဲ့ ULA/AA နဲ့လည်း ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့သည် သူတို့အတွက် လုံးဝ မရှိမဖြစ်တဲ့ အိမ်နီးချင်းဖြစ်တယ်။ အိမ်နီးချင်းဖြစ်တဲ့အတွက် အပြန်အလှန်အားကိုးရတယ်။ အပြန်အလှန် လေးစားယုံကြည် ရတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ဖက်သက် လူမျိုးရေး၊ ဘာသာရေးဆိုတာ လာနိုင်သေးတယ်။ လူမျိုးရေး အမုန်းအတီးတိုက်ခိုက်တဲ့လူနဲ့တော့ အဆင်မပြေဘူး။ ပလက်ဝဆိုရင် စစ်ကောင်စီ ကင်းစင်ပြီလေ။ အဲဒီအချိန်မှာ ကျွန်တော်တို့ တကယ့်စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံးဆွေးနွေးဖို့ပေါ့နော်။ ပလက်ဝကို တောင်းဆိုနေတဲ့ လူတွေသည် ပလက်ဝဒေသခံတွေရဲ့ ကောင်းကျိုးကို တကယ်လိုလားသလားလို့ ပြန်မေးခွန်းထုတ်စရာရှိတယ်။ ဘာလိုလဲဆို တာက တချို့အခြေအနေတွေက အမှန်တရားကို တကယ်လက်ခံရတယ်။ လိုင်းပေါ်မှာ လူအထင်ကြီး အောင် လျှောက်ပြောတယ်။ လိုက်တင်တယ်။ Challenge လုပ်တယ်။ စိန်ခေါ်တယ် ဆိုတာက သနားစရာကောင်း တယ်။ ရီစရာကောင်းတယ်…”
“မြေပြင်မှာ တကယ်ဒုက္ခရောက်တဲ့ လူတွေပေါ့နော်… ခူမီးတွေဆိုရင် ကျွန်တော်တို့အနေနဲ့ တကယ် စိတ်မကောင်း ဖြစ်ရတဲ့ အပိုင်းတွေရှိတာပဲ။ ဒါပေမယ့် သတင်းအမှားတွေ တအားဖြန့်တယ်ပေါ့။ ခူမီးတွေရဲ့ အခွင့်အရေးဆုံးရှုံး တာတွေ ရှိတယ်။ ကြပ်တည်းတာတွေရှိတယ်။ အဲဒါတွေကို လက်တွေ့ကျကျ ကျွန်တော်တို့ ဖြစ်လာအောင် စုပေါင်းဆွဲခေါ်ဖို့၊ တစ်ဖက်ကကျတော့ နှုတ်လွန်ခြေလွန်တိုက်ခိုက်ပြီးသား၊ နှုတ်လွန်ခြေလွန်ပြောဆိုပြီးသားက သူတို့ဟာသူတို့ ပြောပြီးသားစကားက ပြန်နှုတ်လို့မရတော့ဘဲ ပုံစံအခြေအနေဖြစ်တော့ ကိုယ်နဲ့အတူ အလို တူအလိုပါ ကျန်တဲ့လူတွေကိုပါ ဆွဲခေါ်သွားတဲ့ သဘောပေါ့။ ကျွန်တော်တို့ မြေပြင်မှာ အဲလိုမျိုးမြင်ရတာမျိုး ရှိ တယ်…”
“အေအေက ပလက်ဝမှာ ဒီကိစ္စဖြစ်တယ်။ သူတို့ဝန်ခံတယ်။ ကျွန်တော်တို့သိရသလောက် အရင်တုန်းက ဆိုရင် အခုမှ သူတို့လည်း တရားစီရင်ရေးတွေ ရှိလာလို့ပေါ့နော်… မေးတာ၊ မြန်းတာ၊ စွဲချက်တင်တာတွေ၊ အရင်တုန်းက အခြေနေဆိုရင် ရှင်းရှင်းလေးပဲ၊ ခလုတ်လေးဆွဲနှိုပ်ရုံနဲ့ပဲ ဒီကိစ္စပြီးသွားမှာပဲ။ သူတို့လည်း ပြတ်ပြတ်သားသား လုပ်တဲ့ အခြေအနေတွေ တွေ့ခဲ့တာပေါ့လေ။ အခုတော့ သူတို့လည်း ဝန်ခံတယ်၊ ခုံရုံးဖွဲ့စစ်ဆေးတယ်။ ပြီးတော့ လည်း ပြစ်မှုပြစ်ဒဏ်နဲ့ သေချာလုပ်ဖို့ပေါ့နော်… အနည်းဆုံးတော့ သူတို့ ဝန်ခံတယ်လေ။ Accountability ရှိတာ ပေါ်နော်။ တကယ်လို့ ဘာမှမဝန်ခံဘူး။ လိမ်ညာတယ်။ လှည့်ဖြားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါဆိုရင် ဖြစ်ရပ်တစ်ခု အမှန်တကယ်ဖြစ်သွားရက်သားနဲ့ ဘာမှမဝန်ခံဘဲ လိမ်ညာလှည့်ပတ် ဘူးခံနေရင် ဆိုရင်တော့ ဒါကျွန်တော်တို့ လုံးဝ Speed Out လုပ်ရမယ့်အပိုင်းပေါ့။ သူဟာသူ ဝန်ခံနေတယ်၊ တာဝန်ယူမှုတာဝန်ခံမှုရှိတယ်၊ သူ့ရဲ့ Process စောင့်ကြည့်နေရုံပဲပေါ့။ တကယ့်တကယ်ရော နောက်ဆုံးအပြစ်ပေး အရေးယူတာရှိသလားပေါ့ အဲဒါစောင့်ကြည့်ရမှာပေါ့…” ဟု ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က Chin World Media တွင် ဖြေကြားခဲ့သည်။
သတင်း – James Roe
News Sources – Chin World Media