မီဇိုရမ်ရောက် ပလက်ဝစစ်ရှောင်ပြည်သူများ ကျဘမ်းအလုပ်ဖြင့် ဝမ်းကျောင်းနေ

မီဇိုရမ်ရောက် ပလက်ဝစစ်ရှောင်ပြည်သူများ ကျဘမ်းအလုပ်ဖြင့် ဝမ်းကျောင်းနေ

မေလ ၂၄ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ် တွီဒန်းနှင့် ကာကီကျေးရွာတွင်ရှိ ပလက်ဝမြို့နယ်မှပြောင်းရွှေ့လာသည့် စစ်ရှောင်ပြည်သူများနှင့် ဒေသခံရွားသားများသည် ချင်းပြည်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက်မှ ကုန်သည်များ၏ ကုန်ပစ္စည်း များကို ကုန်တင်ကုန်ချပြုလုပ်ပေးခြင်းနှင့် သယ်ယူပို့ဆောင်ပေးခြင်းဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနေကြ ရကြောင်း ယနေ့ မေလ ၂၄ ရက်နေ့တွင် စစ်ရှောင်ပြည်သူများထံမှ သတင်းရရှိသည်။

“ကုန်ကားက နေ့တိုင်းရောက်တယ်။ ခုက မိုးရာသီရောက်ပြီဆိုတော့ ရေလမ်းက အဆင်ပြေတယ်လေ။ ပြီးတော့ ကုန်းလမ်းတွေက မိုးရွာတော့ ရေမြောင်းတွေခံ၊ လမ်းတွေပျက်၊ မြေတွေပြိုတော့ သွားလို့ အဆင်မပြေတော့ဘူး။ မိုးမရွာခင်တုန်းက လမ်းကောင်းတုန်းကဆို ကုန်ပစ္စည်းတွေကို ကုန်ကားနဲ့ ဟိုင်းဝေးလမ်းကနေ နယ်စပ်ဖြတ်ကျော်ပြီး ကုလက်ချောင်း စက်ပစ်ပြင်အထိရယ်၊ လုံပူးဘက်ကလမ်းနဲ့ ရွှေလိုက်ဝကိုကျော်ပြီး ရှင်းလက်ဝအထိကို ပို့ကြတာ။ ခုတော့ အဲဒီလမ်းတွေဘက်က သွားလို့အဆင်မပြေတော့ တွီဒန်း၊ ကာကီအထိ ကားနဲ့ပို့ပြီးတော့ ကုလားတန်မြစ်ကြောင်းတလျှောက် ဟွန်ဒါစက်လှေနဲ့ ရှင်းလက်ဝအထိ ပို့ရတယ်…” ဟု တွီဒန်းနှင့် ကာကီကျေးရွာမှ ကုန်ပစ္စည်းများကို အငှားပို့သည့် ဟွန်ဒါစက်လှေပိုင်ရှင်တစ်ဦးက ခူမီးမီဒီသို့ ပြောသည်။

မီဇိုရမ်ပြည်နယ်မှ စက်သုံးဆီ(ဓါတ်ဆီ)ပေပါများ၊ အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို တွီ ဒန်းနှင့် ကာကီကျေးရွာမှတစ်ဆင့် နယ်စပ်ကိုဖြတ်ကျော်ကာ ချင်းပြည်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက် သို့ ပို့ဆောင်သည့် လုပ်ငန်းများတွင် ရရာအလုပ်ကို လုပ်ကိုင်ကာ မိသားစုအတွက် ဝင်ငွေရရှိရေး လုပ်ကိုင်ကြရ ကြောင်း ပြည်သူများထံမှ သိရသည်။

“ကုန်တွေရောက်တော့ ရွာခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေ အလုအယက်ကို ကုန်ထမ်းကြတာ။ ပစ္စည်းတွေနဲ့ အလုပ်လုပ်တဲ့သူတွေနဲ့ မမျှဘူး။ ကုန်ထမ်းမယ့်လူတွေကများတော့ ကုန်တွေနဲ့မမျှတာတွေ ဖြစ်ကုန်ကြတာပေါ့။ ဒီဘက်မှာက အလုပ်အကိုင်က မရှိဘူးလေ။ ဆိုတော့ ဒီလိုပဲ ရတဲ့အလုပ်ပဲ လုပ်ရတာ။ ဒါတောင်မှ မိသားစုဝင် ငွေလေး မဖြစ်စလောက်လေး ရရှိတာပဲရှိတယ်။ အားလုံးလိုလိုပဲ တအားခက်ခဲကြတယ်။ အဖွဲ့အစည်းတွေ ကလည်း စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ မရှိတော့ ဒီလိုပဲ ဖြစ်သလို လုပ်ကိုင်စားနေကြတာပေါ့…” ဟု ကာကီကျေးရွာမှ အသက် ၃၅ နှစ်အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ကာကီကျေးရွာတွင် စက်သုံးဆီ(ဓါတ်ဆီ)ပေပါ တစ်လုံးကို ကုန်ကားပေါ်မှ ကားလမ်းအထိချခ ရူပီး ၁၀၀၊ ကား လမ်းမှ ဆိပ်ကမ်းအထိချခ ရူပီး ၁၀၀၊ ဆိပ်ကမ်းမှ ဟွန်ဒါစက်လှေပေါ်သို့တင်ခ ရူပီး ၁၀၀ အဆင့်ဆင့်ရကာ ကုန် တင်ကုန်ချအတွက် ရူပီး ၃၀၀ ရရှိသည်။ ကာကီကျေးရွာမှ ရှင်းလက်ဝကျေးရွာအထိ  စက်သုံးဆီ(ဓါတ်ဆီ) တစ်ပေပါကို မြန်မာငွေကျပ် ၇၀၀၀၀ ကျပ် (ရူပီး ၁၂၀၀ ဝန်းကျင်) ရရှိပြီး တွီဒန်းကျေးရွာမှ ရှင်းလက်ဝ ကျေရွာအထိ ပို့ဆောင်ခ ရူပီး ၁၅၀၀ ရရှိသည်။

တွီဒန်းနှင့် ကာကီကျေးရွာတွင် ယခုလအတွင်း ကုန်တင်ကားများ ပုံမှန်ရောက်နေကာ တစ်နေ့လျှင် ကားအစီးရေ အနည်းဆုံး ၂၀ ရောက်ရှိပြီး တစ်စီးလျှင် စက်သုံးဆီ(ဓါတ်ဆီ)ပေပါ ၃၀ နှင့် အခြေခံစားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများလည်း ပါရှိကြောင်းနှင့် တွီဒန်းနှင့် ကာကီကျေးရွာမှ ကုလားတန်မြစ်ကြောင်းတလျှောက် စုံဆင်းကြ သည့် ကုန်ပစ္စည်းများတင်သည့် ဟွန်ဒါစက်လှေများမှာ တစ်ရက်လျှင် အစီ ၁၀၀ ကျော် ပုံမှန်ရှိကြောင်း စစ်ရှောင် များထံမှ သိရသည်။

သတင်း – James Roe

Photo by Aik SangLa
ပုံစာ – စက်သုံးဆီ(ဓါတ်ဆီ)ပေပါ အတင်အချပြုလုပ်နေပုံ။

Leave a Reply

Your email address will not be published. Required fields are marked *