ULA/AA ၏ စစ်မှုထမ်းအမိန့်နှင့် ရခိုင်ပြည်နယ်တွင်းမှ ထွက်ခွာခွင့်တားမြစ်ပိတ်ပင်ခြင်းအပေါ် ဒေသခံလူငယ်များ စိုးရိမ်

ULA/AA ၏ စစ်မှုထမ်းအမိန့်နှင့် ရခိုင်ပြည်နယ်တွင်းမှ ထွက်ခွာခွင့်တားမြစ်ပိတ်ပင်ခြင်းအပေါ် ဒေသခံလူငယ်များ စိုးရိမ်

မေလ ၂၄ ရက်၊ ၂၀၂၅။

ရခိုင်ပြည်နယ် ULA/AA ထိန်းချုပ်နေမြေမှ ပြင်ပသို့ ထွက်ခွာခြင်းမပြုကြောင်း မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာပြီးနောက်တွင် ရခိုင်ဒေသအတွင်းရှိ ချင်းလူမျိုး လူငယ်များနှင့် ရခိုင်လူမျိုးများသည် စိုးရိမ်မှုရှိနေကြောင်း ရခိုင်ပြည်နယ်ရှိ ဒေသခံများထံမှ သိရသည်။

“တကယ်တမ်း ရခိုင်ထဲမှာနေတဲ့ ချင်းတွေရော ရခိုင်တွေရော အားလုံးခက်ခဲ နေတယ်။ ပြီးတော့ အေအေထဲမှာ မဝင်ချင်ကြဘူး။ ဒီလိုပြောတာက အေအေကို အားမပေးချင်လို့ပြောတာ မဟုတ်ဘူး။ အေအေကို အားပေးပါ တယ်။ အေအေကို ထောက်ပံ့မှုတွေလည်း ပုံမှန်လုပ်ဆောင်နေတာပဲ။ ဒါပေမယ့် တပ်တော်ထဲမှာ အတင်းအဓမ္မ တာဝန်ထမ်းဆောင်ခိုင်းတဲ့ပုံစံတော့ မလိုလားကြဘူး။ ရခိုင်ပြည်မှာ လာနေကြည့်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ ဒီက အခြေအနေတွေကို သိရမှာပါ။ ခုလိုပြောတာက ဘယ်သူ့ကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်စေချင်လို့ ပြောတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးရှု့ထောင့်ကနေ ပြောရတာ ဖြစ်ပါတယ်။ ခုဆို ရခိုင်ဒေသတွင်းမှာ အဖက်ဖက်က ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီးတော့ မငတ်ရုံတမယ် ရုန်းကန်နေထိုင်နေရကြရပြီ။ ဒါကို ဘယ်သူ တွေ သိနိုင်မလဲ…” ဟု မင်းပြားမြို့နယ် ချင်းလူမျိုး ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ULA/AA က စစ်မှုထမ်းအမိန့်ပါဝင်သော အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို မတ်လ ၁၈ ရက်နေ့မှစတင် ပြဋ္ဌာန်းကြေညာခဲ့ပြီး အရေးပေါ် ပြဋ္ဌာန်းချက်(NDEP) အရ အမျိုးသမီးများက အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိနှင့် အမျိုးသားများက အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ စစ်မှုထမ်းအသက်အကျုံးဝင်သူများကို ရခိုင်ပြည်နယ်အတွင်းမှ ပြည်နယ်ပြင်ပသို့ ထွက်ခွင့်မ ပြုကြောင်း တားမြစ်ချက်ကို မေ ၂၂ ရက်နေ့တွင် ထပ်မံ၍ ထုတ်ပြန်ခဲ့ခြင်း အပေါ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးလူငယ်များနှင့် ရခိုင်လူမျိုးများအတွက် စိုးရိမ်မှုမြှင့်တက်လာနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“ဒီမှာနေရတာ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါကြောင့် တစ်ခြားမှာသွားပြီး အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် သွားလို့မရတော့ဘူး။ အေအေက အမိန့်ထုတ်လိုက်ပြီ။ ပြီးတော့ မဖြစ်မနေ စစ်မှုထမ်းဖို့အတွက် ခေါ်ယူမှုတွေ လည်း သူတို့လုပ်နေကြတယ်။ ဒီလိုကတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ သူတို့ ထုတ်ပြန်ချက်မှာ ရေးထားတာတွေက လူကြားကောင်းအောင် ရေးနေတာလို့ပဲမြင်တယ်။ ဒီလိုပိတ်ပင်တားဆီးတာ၊ တပ်တော်ထဲကို ကိုယ့်ဆန္ဒမပါပဲ ဝင်ခိုင်းတာတော့ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ပဲ ပြောချင်တယ်…” ဟု အမ်းမြို့နယ်မှ ဒေသခံ လူငယ်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ULA/AA က ကျန်းမာရေးဌာနမှ ကုသမပေးနိုင်သည့် ပြင်းထန်ရောဂါရှိလူနာများ၊ အသက်အန္တရာယ် စိုးရိမ်ရသော လူနာများမှလွဲ၍ လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ်ကာလ ပြီးဆုံးချိန်သည်အထိ ပြည်နယ် ပြင်ပထွက်ခွင့်မရှိကြောင်း တားမြစ်ထားပြီး ထိုတားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းမည့်အချိန်အား ထပ်မံအသိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွားလိုသူများကို ကုန်းလမ်း၊ ရေလမ်းဖြင့် အခကြေးငွေယူ၍ သယ်ယူပို့ ဆောင် ပေးသူများကို တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနှင့် ကုန်သည်များသည်လည်း ကူသန်းသွားလာရာတွင် လူပိုများခေါ်ဆောင်ခြင်း၊ အခကြေးငွေယူ၍ လူကယ်ရီပို့ဆောင်ခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ချက်ကို ULA/AA က ထုတ်ပြန်ထားသည်။

ULA/AA အနေဖြင့် မပြီးပြတ်သေးသည့် မြို့သိမ်းတိုက်ပွဲများကို အကန့်အသတ်နှင့်ဆင်နွှဲရင်း အာရက္ခဒေသ တစ်ခုလုံး အာရက္ခပြည်သူလက်ထဲသို့ ရောက်ရှိရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *