ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှ Rev. Lo Deing အား အေအေအရာရှိတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်း အေအေ၏ လူ့အခွင့်အရေးချိုးဖောက်မှုးများအပေါ် Global Khumi Organization (GKO) မှ သဘောထားထုတ်ပြန်
မေလ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ Rev. Lo Deing အား AA အရာရှိ တစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကြောင့် သေလုမျောပါးဖြစ်ကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်း အေအေ၏ လူ့အခွင့်အရေးချို့ဖောက်မှုများအပေါ် မေလ ၂၃ ရက်နေ့တွင် Global Khumi Organization (GKO) မှ သဘောထားထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်(MBC) မှ သိက္ခာတော်ရ Rev. Lo Deing အား ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီခန့် ဘုရား ဝတ်ပြုပြီး၍ ပြန်လာသည့်အချိန်တွင် အေအေတပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အေအေဗိုလ်ကြီးဆိုသူမှ မည်သည့် အကြောင်းပြချက်မှမပေးဘဲ ပစ္စတိုသေနတ်ဖြင့် နားထင်တွင်ထောက်ကာ ဆဲဆို၍ ခြိမ်းခြောက် ပြောဆိုပြီး တရစပ် ထိုးကြိတ်ခြင်း၊ ကန်ကြောက်ခြင်း၊ ရိုက်နှက်ခြင်းများ ထပ်ဖန်တလဲလဲပြုလုပ်ခဲ့ခြင်းကြောင့် ပါစတာမှာ ဒဏ်ရာများ ရရှိခဲ့ကာ သေလုမျောပါးဖြစ်ခဲ့ရပြီး တစ်လနီးပါးကြာသည်အထိ ဒဏ်ရာမပျောက်သေးပဲ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူနေရသည့်အပေါ် စိတ်မကောင်းကြောင်း Global Khumi Organization (GKO) မှ ဆိုသည်။
အေအေတပ်ဖွဲ့သည် ပြည်သူများအပေါ် မင်းမဲ့၊ အာဏာရှင်၊ လူမိုက်ဆန်ဆန် နည်းမျိုးစုံဖြင့် အကြောင်းမဲ့ ထိုးကြိတ်၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြေခံလူ့အခွင့်အရေး မကြာခဏချိုးဖောက်ခြင်းကြောင့် လူငယ်များ၊ လူလတ်ပိုင်းများနှင့် ဒေသခံပြည်သူများသည် မိမိတို့ကျေးရွာများတွင် ဆက်လက်နေထိုင်ရန် လုံခြုံမှုမရှိတော့ကြောင်းနှင့် အန္တရာယ်များ ရှိလာသည့်အတွက် ပလက်ဝဒေသခံများသည် တခြားနေရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ မြင့်တက်လာနေပြီး မီဇိုရမ်ပြည်နယ်တွင် အနည်းဆုံး ၄၀၀၀ ခန့် ရောက်ရှိနေထိုင်လျက်ရှိကြောင်း Global Khumi Organization (GKO) က ထုတ်ပြန်သည်။
အေအေတပ်ဖွဲ့က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးအပေါ် အကြောင်းမဲ့ ရိုက်နှက်ထိုးကြိတ်မှု ကျူးလွန်ခြင်းသည် အခြားသော ဘာသာရေးခေါင်းဆောင်များအပေါ်သို့လည်း များစွာအကျိုးသက်ရောက်မှု ရှိသည့်အတွက်ကြောင့် Global Khumi Organization (GKO) အနေဖြင့် ပြင်းထန်စွာရှုပ်ချကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe