ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းမှ လက်ခံ

ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းမှ လက်ခံ

မေလ ၂၆ ရက်၊ ၂၀၂၅။

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ တွင် ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုများမှ ကျင်းပသည့် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်မှ သိရသည်။

ပြည်သူ့ဂုဏ်ရည်ဆုသည် မြန်မာပြည်တွင်းမှ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတလျောက်လုံးသည် မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေသည့် စိတ်ခွန်အားကို ဦးညွှတ်ဂုဏ်ပြုခြင်းဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် အသင်းကထုတ်ပြန်ထားသည်ကို သိရသည်။

မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားများနှင့် အတူ တစ်မျိုးသားလုံး စစ်ကျွန်ဘဝ လွတ်မြောက်ရေးအတွက် ပြည်သူ့ဂုဏ်ရည် အသင်းကြီးက ဆက်လက် အားစိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်ရေးဝန်ကြီးဌာန အခွင့်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ CRPH နာယက ဦးအောင်ကြည်ညွန့် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *