မကွီအိမ်နူးတွင် အမျိုးသားတစ်ဦးကို CDF Mindat ဖမ်းဆီး
မေလ ၂၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဒေသ(၄) ဒိုင်ရ်ဒေသ၊ ကွီအိမ်နူးမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကို CDF-Mindat က မေလ ၂၃ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မကွီးအိမ်နူးတွင် နေထိုင်သည့် ဦးဟုန်းနိုင်းရွှီး (အသက် ၂၇ နှစ်) ကို ဖမ်းဆီးခြင်းမခံရမီ ၃ ရက်အလိုတွင် ကိုးရီးယားနိုင်ငံတွင် နေထိုင်သည့် လေရှီးရွာသား ချမ်းသဲ(Chante)ဆိုသူက Facebook Page မှ ခြိမ်းခြောက်ပြောဆိုကာ Live ၍ တိုင်တန်းပြောကြားမှု ပြုလုပ်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားခြင်းကိုမူ မသိရကြောင်း နီးစပ်သူတစ်ဦးက သတင်းပေးပို့ချက်အရ သိရသည်။
ထိုဖမ်းဆီးမှုကို CDF – Mintat ၏ စစ်ဦးစီးချုပ် ထန်ချွန်းဖေမှ ဖမ်းဆီးရန်အမိန့်ပေးမှုကြောင့် တပ်ရင်း ၆ မှ လာရောက်၍ ဖမ်းဆီးခဲ့သည်ဟု သိရပြီး လက်ရှိတွင် မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာတွင် ထိန်းသိမ်းထားကာ အစ်မဖြစ်သူနှင့် ယမန်နေ့ မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဆက်သွယ်၍ရရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဦးဟုန်းနိုင်းရွှီသည် ချင်းအမျိုးသားတပ်ဦး(CNF) တွင် ဗဟိုစည်းရုံးရေးမှူးဟုလည်းသိရပြီး သူ့အား ယခုကဲ့သို့ CDF-Mindat က ဖမ်းဆီးခြင်းသည်မှာ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် အတွက်ကြောင့်ဟု မကွီအိမ်နူးမြို့ ဒေသခံများက သုံးသပ်ပြောဆို နေကြသည်များရှိသည်ကို သိရသည်။
သတင်း – James Roe