ULA/AA မှ ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် ပညာသင်ကြားရန် သွားရောက်ကြသည့် အသက်မပြည့်သေးသော ချင်းကျောင်းသား/ သူများအား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်) ကသဘောထား ထုတ်ပြန်

ULA/AA မှ ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် ပညာသင်ကြားရန် သွားရောက်ကြသည့် အသက်မပြည့်သေးသော ချင်းကျောင်းသား/ သူများအား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်) ကသဘောထား ထုတ်ပြန်

မေလ ၂၈ ရက်၊ ၂၀၂၅။

ULA/AA မှ ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် ပညာသင်ကြားရန် သွားရောက်ကြသည့် အသက်မပြည့်သေးသော ချင်းကျောင်းသား/ သူများအား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ယနေ့ မေလ ၂၈ ရက်နေ့တွင် ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) က အချက်ငါးချက်ပါသည့် သဘောထား ထုတ်ပြန်ထားသည်ကို သိရသည်။

ULA/AA မှ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက်(National Defense Emergency Provision) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် စတင်ပြဠာန်းသည်ဟု ထုတ်ပြန်သော်လည်း တရားဝင် အများပြည်သူသိအောင် အသေးစိတ် ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပေ။

NDEP သည် ရက္ခိုင်ဒေသမှ လူမျိုးစုတိုင်းနှင့် သက်ဆိုင်သည့်အတွက် ဌာနေချင်းလူမျိုးစုများကို အသိမှတ်ပြု တန်ဖိုးထားသည့်အနေဖြင့် ဌာနေချင်းနိုင်ငံရေးအင်အားစုများနှင့် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်သင့်သည်ဟု ယူဆပြီး အပြန်အလှန် တန်ဖိုးထားမူ၊ အသိမှတ်ပြုမူသည် တိုင်းပြည်ကြန်အင်လက္ခဏာတည်ဆောက် (Nation Building) ရာတွင် လွန်စွာအရေးကြီးပေသည်။

ULA/AA မှ ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ထုတ်ပြန်ချက်တွင် (National Defense Emergency Provision) အမျိုးသားကာကွယ်ရေး ဆိုင်ရာ အရေးပေါ်ပြဠာန်းချက်၏ တားမြစ်ချက်များ ပါဝင်လာကာ ၎င်းတားမြစ်ချက်သည် ရက္ခိုင်ပြည်ကိုဗဟိုပြု (State Centric) သည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) မှ နားလည်သော်လည်း ပြည်သူများအကြပ်အတည်းနှင့် ကြုံတွေ့မည့်ပြဠာန်းချက် ဖြစ်သည့်အပြင် လူ့အခွင့်အရေး စံနှုန်းများနှင့် ကင်းကွာသည်ကို တွေ့ရှိရသည်။

ယနေ့ ULA/AA ၏ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုရလာသည်မှာ ရက္ခိုင်ပြည်သူတို့၏ထောက်ခံမူ၊ ပူးပေါင်းဆောင်ရွက်မူကြောင့်ပင် ဖြစ်ပြီး ပြည်သူလူထုအကျိုးစီးပွါးကို ဗဟိုပြု၍ တားမြစ်ချက်များကို ပြန်လည်ထည့်သွင်း စဉ်းစားရန်လိုအပ်သည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) မှ ထင်မြင်ယူဆသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရက္ခိုင်ပြည်တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်လာပြီး ရက္ခိုင်ပြည်သူများအားလုံး ပညာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီခွင့်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမှီခွင့် စသည့် အကြပ်အတည်းများနှင့် ရင်ဆိုင်ကြရပြီး ချင်းလူမျိုးများသည်လည်း အလားတူပင် ခံစားကြရပါသည်။

မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် ပညာသင်ကြားရန် သွားရောက်ကြသည့် အသက်မပြည့်သေးသော ချင်းကျောင်းသား/သူ (၆၀) ဦးခန့်ကို အာရက္ခတပ်တော်(AA)မှ ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်ကြောင်း မိသားစုဝင်များထံမှ သိရှိရပြီး ထိုလူငယ်များနှင့် ကျောင်းသား/သူများကို ပြန်လည်လွှတ်ပေးရန် CPSC မှ တိုက်တွန်းထားသည်ကို သိရသည်။

သတင်း – James Roe

Source News – ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်)

Leave a Reply

Your email address will not be published. Required fields are marked *