မီဇိုရမ်ပြည်နယ်တွင် မိုးသက်လေပြင်းများတိုက်ခက်ကာ အဆက်မပြတ် မိုးရွာသွန်း
မေလ ၃၀ ရက်၊ ၂၀၂၅။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသက်လေပြင်းများတိုက်ခက်ကာ အဆက်မပြတ် မိုးရွာသွန်းနေပြီး မီဇိုရမ်အစိုးရက သတိထား၍ နေထိုင်ကြရန် သတိပေးထားသည်ကို သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရ၊ ပြည်နယ်မိုးလေဝသဌာနမှ ဘင်္ဂလားပင်လေအော်တွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နေသည့်အတွက် မေလ ၂၇ ရက်နေ့မှစ၍ ဇန်လ ၃ ရက်နေ့အထိ မိုးကြီး၍ လေပြင်းတိုက်ခတ်နိုင်သည့်အတွက် ပြည်သူများကို သတိထားနေထိုင်ရန် သတိပေးထုတ်ပြန်ထားပြီး မေလ ၂၉ ရက်နေ့တွင် အနီရောင်အဆင့် ရောက်ရှိနေပြီဖြစ်ကာ မီဇိုရမ်ပြည်နယ်ရှိ ကျောင်းများကိုလည်း ပိတ်ထားရန်နှင့် ပြည်သူများလိုက်နာရမည့် အချက် ၆ ချက်ကိုလည်း အသိပေးထားကြောင်း သိရသည်။
သတိပေးထုတ်ပြန်ချက်တွင် မိုးကြီးလေပြင်းတိုက်ခတ်နိုင်သောကြောင့် မိမိနေအိမ် လုံခြုံနိုင်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်၊ မိမိအိမ်နှင့် အနီးပတ်ဝန်းကျင်တွင် မြေပြိုနိုင်သည့် အခြေအနေရှိပါက မိုးကာများဖြင့် အုပ်ထားရန်၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ ဝါးပင်များ၊ လျှပ်စစ်တိုင်များ ကျိုးကျပြိုပျက်နိုင်သောကြောင့် သတိထားကြရန်နှင့် လျှပ်စစ်မီး ပျက်တောက်နိုင်သောကြောင့် လျှပ်စစ်သုံးပစ္စည်းများကို ကြိုတင်အားသွင်းထားကြရန်၊ လျှပ်စစ်လိုင်း မရှိသည့်အချိန်တွင် အသုံးပြုရန် လိုအပ်သည့်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြရန်၊ ယခုကာလအတွင်း မြစ်၊ ချောင်းသို့သွားခြင်း ရှောင်ကြည်ကြရန်နှင့် တိကျသေချာမှုမရှိသည့် သတင်းများ မဖြန့်ဝေကြရန်၊ မဟုတ်မမှန် ကောလဟာလသတင်းများဖြန့်သည့်သူကို ဘေးအန္တရယ်စီမံခန့်ခွဲမှု အက်ဥပဒေ ၂၀၀၅ အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးကြီးလေပြင်း တိုက်ခတ်မှုကြောင့် တစ်စုံတစ်ရာကြုံတွေ့ပါက ခရိုင်အရေးပေါ် စစ်ဆင်ရေးဌာနသို့ အချိန်မရွေး ဆက်သွယ်သတင်းပို့နိုင်ကြောင်း မီဇိုရမ်အစိုးရက အသိပေးထားသည်ကို သိရသည်။
သတင်း – James Roe