ဆောမြို့နယ်ရှိ စလင်းချောင်းရေကြီးရေလျှံမှုကြောင့် ကုန်သည်များနှင့် ခရီးသည်များ ပိတ်မိနေ
မေလ ၃၁ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဆောမြို့တွင် ကုန်ပစ္စည်းသွားဝယ်သည့် ပလက်ဝမြို့နယ်မှ ကုန်သည် ၁၀၀ ဦးခန့်နှင့် ခရီးသည်များသည် စလင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပြန်လာ၍မရဖြစ်နေကြောင်း ယနေ့ မေလ ၃၁ ရက်နေ့တွင် သိရသည်။
ဆောမြို့သို့ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကတည်းက ချင်း၊ ရခိုင်နှင့် ဗမာလူမျိုး ကုန်သည် ၁၀၀ ဦးခန့်သည် ကုန်ပစ္စည်းများဝယ်ယူရန် ရောက်ရှိနေခြင်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စလင်းချောင်း ရေကြီးနေသည့်အတွက် ယနေ့ မေလ ၃၁ ရက်နေ့အထိ ပလက်ဝမြို့နယ်သို့ ပြန်လာ၍မရဖြစ်နေကြောင်း ကုန်သည်များထံမှ သိရသည်။
“ဆောဘက်မှာ ကုန်ပစ္စည်းတွေ ဝယ်ဖို့လာတာ။ လာတုန်းကတည်းက မိုးရွာတာပဲ။ ဒီလောက်အထိ စလင်းချောင်းက ရေကြီးသွားမယ် မထင်ဘူး။ လာတုန်းကတော့ ကားတွေ၊ ဆိုက်ကယ်တွေ ချောင်းကို ဖြတ်လို့ရတယ်။ အခုတော့ မရလို့ ဒီမှာပဲ(ဆော) သောင်တင်နေရတယ်…” ဟု ကုန်သည်တစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ချင်းပြည်တောင်ပိုင်းမှ မကွေးတိုင်း၊ ဆောမြို့၊ ထိုမှတဆင့် ပြည်မဘက်သို့သွားရာတွင် အဓိက အသုံးပြုနေကြသည့် လမ်းကြားတွင် စလင်းချောင်းကိုဖြတ်၍ သွားရကာ မိုးရာသီအချိန်တွင် စလင်းချောင်းသည် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပြီး ယခုကဲ့သို့ ကုန်သည်များနှင့် ခရီးသည်များသည် သွားလာရခက်ခဲကာ ခရီးနှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေကြရကြောင်း လမ်းအသုံးပြုသွားနေကြသည့် ကုန်သည်များထံမှ သိရသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်သည် မိုးရာသီအချိန်အခါတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျခြင်း၊ ချောင်းရေလျှံခြင်း၊ လမ်းများပျက်စီးခြင်း စသည်တို့ကြောင့် ခရီးသွားလာရခက်ခဲခြင်း၊ အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တက်မှုများ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရသည်ကို သိရသည်။
သတင်း – James Roe