တွီဒန်းနှင့် ကာကီကျေးရွာရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

တွီဒန်းနှင့် ကာကီကျေးရွာရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ဇွန်လ ၁ ရက်၊ ၂၀၂၅။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းနှင့် ကာကီကျေးရွာရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများ အရေးအကူအညီများလိုအပ်နေကြောင်း ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ဆလိုင်းစိုးသန်းက ဇွန် ၁ ရက်နေ့တွင် ခူမီးမီဒီယာသို့ ပြောသည်။

ကုလားတန်မြစ် ရေကြီးရေလျှံခြင်းကြောင့် တွီဒင်းစစ်ရှောင်စခန်းတွင် အိမ်ခြေ ၁၈ လုံးပျက်စီး၊ ၄၅ လုံး အနည်း ငယ်ပျက်စီး၊ ကာကီစစ်ရှောင်စခန်းတွင် အိမ်ခြေ ၆၉ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“တွီဒန်းနဲ့ ကာကီ စစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုရှိပါတယ်။ လက်ရှိမှာ အခြေခံစား သောက် ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား တွေလိုအပ်ပါတယ်။ ဖျားနာတာတွေလည်း ရှိတဲ့အတွက် ကျန်းမာရေး ကူညီ စောင့်ရှောက်မှု လိုအပ်ပါတယ်။ ပြီးတော့ ပြန်လည်တည်ဆောက်ဖို့အတွက် အိမ်အမိုးအကာတွေ လိုအပ်နေ ပါတယ်။ လူတွေတော့ အထိအခိုက် သေဆုံးတာတွေတော့ မရှိဘူး။ ဒီနေ့တော့ မြစ်ရေ အနည်းငယ်ကျသွားပါပြီ…” ဟု ဆလိုင်းစိုးသန်းက ပြောသည်။

ဆလိုင်းစိုးသန်းက ဆက်လက်ပြီး ”စစ်ရှောင်ပြည်သူတွေရဲ့ အိမ်နဲ့အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွား တာတွေကများတော့ အဲဒီအတွက် အဖွဲ့အစည်းတစ်ခုချင်းစီတိုင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း ကူညီထောက်ပံ့ ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လက်ရှိအချိန်အထိတော့ အကူအညီတွေ မရရှိသေးဘူး…” ဟု ပလက်ဝကောင်စီ လူသားချင်းစာနာကူညီရေးဌာနမှူး ဆလိုင်းစိုးသန်းက ပြောသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လက်ရှိတွင် ကျောင်းဆောင်၊ ခန်းမဆောင်၊ လူနေအိမ်များတွင် ယာယီနေထိုင်ကြရပြီး နေအိမ်များကို ပြန်လည်တည်‌ဆောက်နိုင်ရေး အမိုးအကာများ အရေး ပေါ်လိုနေပြီး နေအိမ်တစ်လုံးလျှင် ရူပီ သုံးသောင်းခန့်ကုန်ကျနိုင်ကြောင်း သိရသည်။

ရေဘေးသင့် စစ်ရှောင်များအတွက် အရေးပေါ်ကူညီမှုများ လိုအပ်လျက်ရှိနေကြောင်း Paletwa IDPs and Humanitarian supporting အဖွဲ့မှတစ်ဆင့် မေတ္တာရပ်ခံ အကူအညီတောင်းခံထားပြီး  ဆက်သွယ်လှူဒါန်းလိုသူ များအနေဖြင့် ပလက်ဝကောင်စီ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ဆလိုင်းစိုးသန်း +91 92336 76151 နှင့် Salai Soe Than Page messenger တို့တွင် တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – James Roe

ပုံ – ပေးပို့
ပုံစာ – တွီဒန်းနှင့် ကာကီကျေးရွာတွင် ရေကြီးရေလျှံနေသည့်ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *