ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ကလေးငယ်တစ်ဦးသေဆုံး
ဇွန်လ ၃ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အမှတ်(၂)၊ လေမြိုချောင်း၊ မှုံးတနုံးကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှက်ဖျားရောဂါကြောင့် မေလ ၃၀ ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်း ယနေ့ ဇွန်လ ၃ ရက်နေ့ ဒေသခံများထံမှ သတင်းပေးပို့ချက်အရ သိရသည်။
လေမြိုချောင်း၊ မှုံးတနုံးကျေးရွာတွင် ဆေးဝါးများပြတ်လပ်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးကုသရန် အချိန်မီမရရှိသည့်အတွက် အဆိုပါကလေးငယ် အသက်သေဆုံးရခြင်းဖြစ်ကြောင်း နီးစပ်သည့် ဆွေမျိုးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
“ကျွန်တော်တို့ရွာမှာ အရင်ကတည်းက ငှက်ဖျားရောဂါက အဖြစ်များတယ်။ NGO ကလာပြီး ဆေးကုပေးခဲ့ တာတွေ ရှိတယ်။ ခုနောက်ပိုင်းမှာတော့ ဘယ်အဖွဲ့အစည်းကမှ မရောက်တော့ဘူး။ ရွာမှာဆေးတွေက မရှိတော့ ငှက်ဖျားဖြစ်တဲ့သူတွေ သေဆုံးတဲ့အထိ ဖြစ်လာတယ်။ ဒေသတွင်းမှာ တာဝန်ရှိသူတွေကလည်း ဘာမှ ထိထိရောက်မလုပ်ပေးနိုင်ဘူး။ တိုက်နယ်ဆေးရုံတွေ ရှိတဲ့ဘက်ကို သွားမယ်ဆိုရင်လည်း ငွေကြေးအခက်နဲ့ သွားလာဖို့အတွက် အခက်အခဲအမျိုးမျိုးရှိနေတော့ မသွားနိုင်ဘူး၊ ဒေသခံတွေ အသက်သေဆုံးရတဲ့အထိ ဖြစ်လာတယ်၊ အကူအညီတွေအများကြီး လိုအပ်နေပါတယ်…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ် ဆမီးဒေသ၊ တပ်ချောင်းအုပ်စုနှင့် လေမြိုချောင်းတွင်ရှိသည့် လန်ဒန်အုပ်စု၊ ဒိုင်ရ်ဒေသ အမှတ် (၂) မှ ကျေးရွာပေါင်း ၂၅ ရွာတွင် ပြီးခဲ့သည့် မတ်လမှစ၍ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး ဆေးဝါး မရှိခြင်း၊ ဆေးကုသပေးမည့် ဆရာ/မများ မရှိခြင်း၊ ဆေးဝါးရောက်ရှိရန် လက်လှမ်းမမီနိုင်ခြင်းနှင့် ငွေကြေးခက် ခဲခြင်း… စသည်တို့ကြောင့် ဒေသခံအများအပြား အခက်အခဲကြုံနေကာ အကူအညီများ လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် သဲကုန်းကျေးရွာမှ မူလတန်းပြကျောင်းဆရာဦးတီးဒိန်သည်လည်း ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဆေးကုသမှုခံယူရင်း ငှက်ဖျားရောဂါကြောင့် အသက်သေဆုံးခဲ့ရသည်။
သတင်း – James Roe