ကန်ပက်လက် တိုက်နယ်အမှတ် ၅ တွင်ရှိသည့် CNA ပျံလွှားစစ်ကြောင်းစခန်းအား CDF – Kanpetlet က တိုက်ခိုက်
ဇွန်လ ၄ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ် ၅ တွင်ရှိသည့် CNA ပျံလွှားစစ်ကြောင်းစခန်းအား CDF – Kanpetlet က ပြီးခဲ့သည် မေလ ၃၀ ရက်နေ့တွင် အလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ် ၅ တွင် ရှိသည့် CNA ပျံလွှားစစ်ကြောင်းစခန်းအား ပြီးခဲ့သည့် မေလ ၃၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် CDF – Kanpetlet စစ်ဦးစီးချုပ် အောင်လိန်းက အမိန့်ပေးညွှန်ကြားမှုဖြင့် ဝိတိုရိယတပ်ရင်းနှင့် တူမီးတပ်ရင်းက အလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးဖမ်းဆီးခံရကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
“CDF – Kanpetlet က ကျောက်တော်ရွာသား နိုင်းထန်းက ဦးဆောင်တဲ့ တူမီးတပ်ရင်းနဲ့ ဝိတိုရိယတပ်ရင်း ပေါင်းပြီးတော့ CNA ပျံလွှားစစ်ကြောင်းစခန်းကို အလစ်အငိုက်ဝင်တိုက်တာ။ CNA ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး မတီလောင်းရွာသားဖြစ်တဲ့ ရဲဘော်က ဒဏ်ရာပြင်းထန်တယ်။ ရဲဘော်တစ်ဦးကိုတော့ ဖမ်းဆီးထားတယ်။ နောက်ထပ်လည်း CC ကို ထောက်ခံတဲ့ရွာတွေ ဆက်တိုက်ဖို့အတွက် စစ်ရေးပြင်ဆင်တာတွေ၊ ချောင်းမြောင်းနေတာတွေ လုပ်နေကြတယ်။ ခုလည်း စစ်ဦးစီးချုပ်အောင်လိန်းက အမိန့်ပေးညွှန်ကြားထားတယ်လို့ သိရတယ်၊ CDF – Kanpetlet ဘက်က အထိအခိုက်အကျအဆုံးကို မသိရသေးဘူး…” ဟု အသက် ၅၀ အရွယ် ကန်ပက်လက်ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် ၅ သည် Chinland Council(ချင်းပြည်အစိုးရ)၏ အုပ်ချုပ်ရေး လည်ပတ်လျက်ရှိပြီး CDF – Kanpetlet သည် တိုက်နယ်အမှတ် ၅ ဒေသအတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မှုနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခြင်းများ ပြုလုပ်ခြင်းနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများကိုလည်း အဆက်ပြတ် ပြုလုပ်လျက်ရှိကြောင်း ကန်ပက်လက်ဒေသခံ သတင်းအရင်းအမြစ်မှ သိရသည်။
သတင်း – James Roe