CDF – Asho နယ်မြေအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေး ဖြစ်ပွားမှုများလာပြီး ဆေးဝါးများ လိုအပ်နေ
ဇွန်လ ၄ ရက်၊ ၂၀၂၅။
ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ဆင်ရေးလှုပ်ရှားသည့် နယ်မြေဒေသတွင် ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေး ပိုမိုဖြစ်ပွားမှုများလာပြီး ဆေးဝါးအကူအညီများ လိုအပ်နေလျက်ရှိကြောင်း CDF – Asho မှ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မိုးဦးကာလ ရောက်ရှိလာပြီဖြစ်သည့်အတွက် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ဆင်ရေးလှုပ်ရှားသည့် နယ်မြေဒေသတွင် မေလတစ်လတည်းအတွင်း ရဲဘော်များနှင့် ပြည်သူများ ၃၀ ဦးခန့် ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေး ဖြစ်ပွားဖြစ်ပွားခဲ့ပြီး ဧပြီလနှင့် မေလ၊ ၂ လတာအတွင်း ၁၀၀ ဦးဝန်းကျင်ခန့် ဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်မှ သိရသည်။
“မိုးဦးကာလရောက်လာပြီ ဖြစ်တဲ့အတွက် ရဲဘော်တွေသာမက ပြည်သူတွေမှာလဲ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ပိုမိုဖြစ်ပွားလာကြပါတယ်။ ဒါကြောင့် ငှက်ဖျားဆေးများနှင့် အခြားဆေးဝါးများ ဝယ်ယူရန် လိုအပ်နေတဲ့အတွက် မိဘပြည်သူများထံ အကူအညီတောင်းခံအပ်ပါတယ်။ မိုးဦးကာလမှာ ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားလျက်ရှိတာကြောင့် မိဘပြည်သူများအနေနဲ့လည်း အထူးဂရုစိုက်ကြဖို့ မှာချင်ပါတယ်…” ဟု CDF – Asho Team က တောင်းဆိုတိုက်တွန်းထားသည်ကို သိရသည်။
CDF – Asho စစ်ဆင်ရေးလှုပ်ရှားသည့် နယ်မြေဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားသူများအထဲတွင် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ပါဝင်ပြီး လူကြီးလူငယ်မရွေး ဖြစ်ပွားလျက်ရှိပြီး လူနာတချို့သည် ဦးနှောက်ထဲထိ ငှက်ဖျားပိုးဝင်ရောက်မှုပင် ရှိကြောင်း သိရသည်။
လက်ရှိတွင် နယ်မြေဒေသအခြေအနေကြောင့် ငှက်ဖျားဆေးများ ရရှိနိုင်ရန် ခက်ခဲမှုရှိနေခြင်း၊ သယ်ယူပို့ဆောင်ရန်အတွက် ခက်ခဲမှုရှိနေခြင်း၊ ဝယ်ယူရန်အတွက် ခက်ခဲခြင်းနှင့် ဆေးများဝယ်ယူရန်အတွက် ရန်ပုံငွေလုံလောက်မှုမရှိခြင်း စသည့်စိန်ခေါ်များရှိနေကြောင်း သိရသည်။
သတင်း – James Roe