စိမ်းစင်းကျေးရွာက မုဒိန်းမှုကိစ္စ အေအေက သိန်းတစ်ရာဖြင့် ဖုံးဖိရန်လုပ်

စိမ်းစင်းကျေးရွာက မုဒိန်းမှုကိစ္စ အေအေက သိန်းတစ်ရာဖြင့် ဖုံးဖိရန်လုပ်

ဇွန်လ ၁၁ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အေအေတပ်ဖွဲ့ဝင်နှစ်ဦးက မုဒိန်းမှု ကျူးလွန်ခဲ့ပြီးနောက် လူသတ်၊ အလောင်းဖျောက်ရန် ကြံစည်မှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာသည့် စီရင်ချက်ချမှတ်ခြင်း မရှိသည့်အပြင် အေအေဘက်မှ မိသားစုဝင်များထံတွင် သိန်းတစ်ရာကျပ်ပေးကာ အမှုကို ဖုံးဖိရန် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အေအေက မိသားစုဝင်တွေဆီလာပြီး သိန်းတစ်ရာနဲ့ ကျေအေးဖို့အတွက် လာတယ်။ နောက်ပြီး ကျူးလွန်တဲ့ သူနှစ်ဦးကို သေဒဏ်ပေးမယ်လို့ ပြောတာ ကြားတယ်။ သူတို့ မိသားစုဝင်တွေဘက်က ပြန်ပြောတာ ကြားမိတာက ကျေးအေးတာမလိုဘူး။ ပိုက်ဆံဘယ်လောက် ပေးပေးမလိုဘူး။ သူတို့နှစ်ယောက်ကို သေဒဏ်ပေးတယ်ဆိုရင် မျက်မြင်ကိုယ်တွေ့မှ ကျေနပ်မယ်။ သူတို့ကို သေဒဏ်ပေးပါ… လို့ ပြောတာကြားတယ်…” ဟု ပလက်ဝဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ဒေသခံနောက်တစ်ဦးကလည်း “အေအေဘက်က ဘယ်လို စီရင်ချက်တွေ ချပြီးပြီလဲဆိုတာ မသိရဘူး။ စီရင်ချက်ချပြီးပြီလို့ ပြောရအောင်လည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ စိမ်းစင်းက မုဒိန်းမှုအပြင် ဆမီးမှာဖြစ်တဲ့ မုဒိန်းမှုရယ်၊ မောင်နှမကျေးရွာက သုံးလောင်းပြိုင်လူသတ်မှုရယ် စတာတွေနဲ့ တခြားတခြား ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီးတော့ အေအေရဲ့လုပ်ဆောင်နေတာတွေ၊ ဖြေရှင်တာတွေ၊ အရေးယူ စီရင်ချက်ချတာတွေကို ရေရေရာရာ မသိရဘူး။ အေအေက သူတို့ လူမျိုးတွေ၊ သူတို့ တပ်ဖွဲ့တွေလုပ်တဲ့ မကောင်းတဲ့လုပ်ရပ်ကို ဒီအတိုင်းပဲ ကြည့်နေပြီး ကာကွယ်ပေးနေတယ်…” ဟု ခူမီးမီဒီယာသို့ ပြောသည်။

စိမ်းစင်းကျေးရွာတွင်ဖြစ်ခဲ့သည် မုဒိန်းမှုနှင့်ပတ်သက်၍ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးထားကာ အေအေ၏ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း အေအေဘက်က ထုတ်ပြန်ပြောဆိုခဲ့သော်လည်း နှစ်လကျော်ကြာမြှင့်လာသည်အထိ မည်သည့်အရေးယူဆောင်ရွက်မှုမျှ မတွေ့ရှိရသေးသည့်အပြင် အမှုကိစ္စကို မြန်မာငွေ သိန်းတစ်ရာကျပ်ဖြင့် ကျေအေးမှုပြုလုပ်ရန်နှင့် ဖုံးဖိရန် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

စိမ်းစင်းကျေးရွာ မုဒိန်းမှုအပါအဝင် ဆမီးမြို့ အမှတ် (၃) ရပ်ကွက် မုဒိန်းမှု၊ မောင်နှမကျေးရွာသား သုံးဦး သတ်ဖြတ်ခံရခြင်းနှင့် ပလက်ဝမြို့နယ်အတွင်း အေအေ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများကို IKACC/PC အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသော်လည်း အမှုမှန်ပေါ်ပေါက်ရေးနှင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ယခုလက်ရှိအချိန်အထိ လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *