ဗုဒ္ဓဂါမ(အောက်)ကျေးရွာ မှ မိန်းကလေးငယ် တစ်ဦး မြွေဟောက် ကိုက်ခံရ၍ အသက်သေဆုံး

ဗုဒ္ဓဂါမ(အောက်)ကျေးရွာ မှ မိန်းကလေးငယ် တစ်ဦး မြွေဟောက် ကိုက်ခံရ၍ အသက်သေဆုံး

ဇွန်လ ၁၂ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အမှတ် ၂၊ ဗုဒ္ဓဂါမ(အောက်)ကျေးရွာမှ မိန်းကလေးငယ် တစ်ဦး မြွေဟောက် ကိုက်ခံရ၍ အသက်သေဆုံးသွားကြောင်း ဒေသခံများထံမှ ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် သိရသည်။

ဗုဒ္ဓဂါမ(အောက်)ကျေးရွာမှ မိုင်ဆောင်းဝေ(အသက် ၁၁ နှစ်) သည် ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် သူမ၏အမေကခိုင်းသည့် ကိစ္စတစ်ခုဖြင့် ဗုဒ္ဓဂါမ(အထက်)ကျေးရွာသို့ သွားနေစဉ် မြွေဟောက်ကိုက်ခံရပြီးနောက် ရွာသို့ပြန်ရောက်လာခဲ့ကာ မြွေဆိပ်တက်ပြီး ညနေ ၄ နာရီတွင် အသက်သေဆုံးသွားကြောင်း သိရသည်။

“ကလေးမလေးက မြွေဟောက်ကိုက်ခံရတဲ့အချိန်မှာ မသေသေးဘူး။ ရွာကိုပြန်လာပြီးတော့ ဆော့ကစားသေးတယ်။ နေမြင့်လာတဲ့အချိန်မှာ မြွေဆိပ်ကတက်လာပြီး ပျို့အန်လာတာ။ ညနေပိုင်းရောက်မှ သေသွားရှာတာ။ ရုပ်အလောင်းကို အိမ်မှာ ၃ ရက်ထားပြီးတော့ သင်္ဂြိုလ်မယ်။ ကလေးမလေးကို အချိန်မီသာ ဆေးကုသမှုပေးနိုင်ခဲ့ရင် အခုလို သေဆုံးမှာ မဟုတ်ဘူး..” ဟု ဒေသခံအမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ဗုဒ္ဓဂါမ(အောက်)ကျေးရွာအပါအဝင် လေမြိုချောင်း၊ ဒိုင်ရ်ဒေသသည် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဆေးဝါးများ လုံလောက်မှုမရှိခြင်း၊ ဆေးရုံဆေးခန်းများရှိသည့်နေရာနှင့်လည်း အလှမ်းဝေးသောကြောင့် ဒေသခံပြည်သူများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ ၅ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကာကွယ်ဆေး၊ အဟာရများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကုသမှုများ စသည့် အဖက်ဖက်မှ လိုအပ်နေလျက်ရှိကြောင်းနှင့် အကူအညီ အထောက်အပံများလည်း လိုအပ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

သတင်း – James Roe

ပုံ – ပေးပို့

ပုံစာ – မြွေဟောက်ကိုက်ခံရ၍ သေဆုံးခဲ့ရသည့် မိန်းကလေးငယ်ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *