DRC အုပ်ချုပ်ရေးနယ်မြေအတွင်း အေအေက Star Link (Wifi) အသုံးပြုခွင့် ပိတ်ပင်တားမြစ်
ဇွန်လ ၁၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အမှတ် ၂၊ ကိုဖေရှေကျေးရွာ၊ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC)၊ ဒိုင်ရ်ဒေသန္တအစိုးရ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း Star Link (Wifi) အသုံးပြုခွင့် ကို အေအေတပ်ဖွဲ့က ပိတ်ပင်တားမြစ်ထားကြောင်း ဒေသခံများထံမှ ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် သိရသည်။
ကိုဖေရှေကျေးရွာတွင်နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ ပထမအပတ်တွင် Star Link (Wifi) ကို ဝယ်ယူခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် တပ်ဆင်ရန် ပြုလုပ်နေစဉ် အေအေတပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အေအေတွေက Star Link (Wifi) တပ်ပြီး အင်တာနက် အသုံးပြုခွင့်မပေးဘူး။ အဲဒီအတွက် အေအေဆီမှာ တိုင်တာလုပ်တော့။ အေအေဘက်က ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ပိုင်ရှင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဇွန်လ ၁၁ ရက်နေ့မှာ ခေါ်တယ်။ ဘာလိုတွေဖြေရှင်းကြသလဲတော့ မသိရသေးဘူး။ အေအေတွေက ဘာကြောင့် Star Link (Wifi) မသုံးခိုင်းသလဲတော့ မသိဘူး။ သတင်းအမှောင်ချချင်တဲ့ သဘောပဲလို့ တွေးမိတယ်။ ဒီဘက်မှာက ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့အတွက် Star Link (Wifi) အသုံးပြုလို့ရရင် ကောင်းမှာ။ နိုင်ငံခြားမှာ ရောက်နေတဲ့ သားသမီး၊ ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ်ရမယ်လေ…” ဟု ဒေသခံအမျိုးသားတစ်ဦး က ခူမီးမီဒီယာသို့ ပြောသည်။
Star Link (Wifi) တပ်ဆင်ရန် တားမြစ်မှုအပေါ် ကိုဖေရှေရွာသားမှ အေအေ၏ လေမြိုဒေသအုပ်ချုပ်ရေးရုံးသို့ တိုင်ကြားထားပြီး အေအေအုပ်ချုပ်ရေးရုံးမှ ဟန့်တားသူများကို စီစစ်လိုသည်ဟုဆို၍ Star Link (Wifi) ပိုင်ရှင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် လေမြိုဒေသအုပ်ချုပ်ရေးရုံးသို့ လာရောက်ရန်အတွက် ဆင့်ခေါ်ထားပြီး မည်သို့ဖြေရှင်းကြသည်ကိုမူ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကိုဖေရှေနှင့် ကျောက်ကြီး ကျေးရွာနှစ်ရွာသည် ဒိုင်ရ်ဒေသန္တရကောင်စီ DRC ၏ အုပ်ချုပ်ရေး နယ်မြေ အတွင်းတွင် ရှိနေသော်လည်း DRC ၏ အုပ်ချုပ်ရေးမှာ ထင်ထားသလောက် ဩဇာသက်ရောက်မှုမရှိဘဲ ဖြစ်နေပြီး ထိုကျေးရွာနှစ်ရွာ အနီးအနားတွင် အေအေ၏ တပ်စခန်းသည်လည်း တည်ဆောက်ထားကာ အေအေတပ်ဖွဲ့သည် ရွာတွင်အဝင်/အထွက်ပြုလုပ်ကာ ဒေသခံရွာသားများအပေါ်ကို မိမိတို့စိတ်ကြိုက် ချယ်လှယ်နေကြကြောင်း ဒေသခံများက ပြောသည်။
သတင်း – James Roe