ဆမီးမြို့တွင် အမည်မသိလူတစ်စုက ကလေးနှစ်ဦးမိခင်အား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းခံရ

ဆမီးမြို့တွင် အမည်မသိလူတစ်စုက ကလေးနှစ်ဦးမိခင်အား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းခံရ

ဇွန်လ ၁၃ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အမှတ် ၃ ရပ်ကွက်၊ ပီဝကျေးရွာမှ ကလေးနှစ်ဦးမိခင်ကို အမည်မသိလူတစ်စုက ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် အဓမ္မပြုကျင့်(မုဒိန်းပြုကျင့်) ပြီး သတ်ဖြတ်ခြင်းခံရကြောင်း ဆမီးမြို့ဒေသခံ သတင်းအရင်းအမြစ်မှ ကနဦးသတင်းကို ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် သိရသည်။

ဆမီးမြို့၊ အမှတ် ၃ ရပ်ကွက် ပီဝကျေးရွာမှ အသက်၂၇ နှစ်အရွယ် ကလေးနှစ်ဦး မိခင်ဖြစ်သူ ဒေါ်စန်းရီသည် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် သူမ၏အဒေါ်အိမ်သို့ အလည်သွားပြီး အပြန်လမ်းတွင် အမည်မသိလူတစ်စုက အဓမ္မပြုကျင့်(မုဒိန်းပြုကျင့်) ကာ သတ်ဖြတ်ခြင်းခံခဲ့ခြင်းဖြစ်ကြောင်း ဆမီးမြို့ဒေသခံများထံမှ သတင်းပေးပို့ချက်အရ သိရသည်။

“ဒီအမျိုးသမီးဟာ မေလ ၂၃ ရက်နေ့မှာ သူရဲ့အဒေါ််််််််််််််််််််််််အိမ်ကိုအလည်သွားပြီးတော့ ပြန်လာတာ။ အဲဒီနောက်ပိုင်းမှာ ရွာကိုပြန်မရောက်တော့ဘူး။ ဝိုင်းရှာကြတော့ သုံးရက်လောက်ကြာမှပဲ ခြေလက်တွေကြိုးတုတ်ထားလို့ သေဆုံးပြီးသားတွေ့တယ်။ သူ့ကို ခြေလက်ကြိုးတုတ်ပြီးတော့ မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်ကြတာ။ တော်တော်ရက်စက်တဲ့လူတွေ။ အလောင်းကိုတွေ့ပြီးတော့ ရွာကိုသယ်လာတယ်။ အေအေတပ်ဖွဲ့ကလာပြီး စစ်ဆေးတာတွေလုပ်တယ်။ ပုံတွေမရိုက်ခိုင်းဘူး။ သတင်းကိုလည်း တခြားမှာ မပေါက်ကြားစေနဲ့လို့ ပြင်းပြင်းထန်ထန် သတိပေးတယ်။ ဒီကိစ္စကို သူတို့ ဘယ်လို ဖော်ထုတ်အရေးယူပေးမလဲဆိုတာ မသိရသေးဘူး…” ဟု ဤအကြောင်းသိရှိသူ ဆမီးဒေသခံ အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ဒေါ်စန်းရီ ပျောက်ဆုံးပြီး ၃ ရက်အကြာ (မေလ ၂၆ ရက်နေ့) တွင် သူမ၏ ခြေ၊ လက်ကို ကြိုးတုတ်ထားကာ သေဆုံးပြီးသား ရုပ်အလောင်းကို ပီဝရွာနှင့် ကျီးဝရွာကြားတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ရွာသို့ သယ်ယူလာပြီးနောက် အေအေတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ပြီး ထိုနေ့တွင်းချင်းပင် မြေမြှပ်သင်္ဂြိုလ် ခိုင်းခဲ့ကြောင်းနှင့် သူမ၏ရုပ်အလောင်းကို ဓါတ်ပုံရိုက်ယူခွင့်မပေးသည့်အပြင် မိသားစုဝင်များနှင့် ဆမီးဒေသခံများအား သတင်းကို အပြင်သို့ မပေါက်ကြားစေရန်အတွက် သတိပေးခံခဲ့ရကြောင်း ဆမီးမြို့ဒေသခံများထံမှ သိရသည်။

လက်ရှိ ဆမီးမြို့တွင် မုဒိန်းပြုကျင့် သတ်ဖြတ်ခံရသည့် အမှုအပါအဝင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသမီးတစ်ဦးကို ရခိုင်စကားပြောသည့် အမည်မသိလူတစ်စုမှ အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး သတိလစ်သည့်အထိ ရိုက်နှက်ဒဏ်ရာဖြင့် ချောင်းစပ်တစ်နေရာတွင် စွန့်ပစ်ထားသည့်အမှု၊ ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်နေ့တွင်လည်း စိမ်းစင်းကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် နို့စို့ကလေးမိခင် အမျိုးသမီးတစ်ဦးကို အေအေတပ်ဖွဲ့ဝင်နှစ်ဦးက မုဒိန်းကျင့်ပြီး ချောင်းတွင် ရေနစ်သတ်ရန်ကြိုးပမ်းမှု စသည့် အေအေနှင့် ဆက်နွယ်ပတ်သက်သည့် အမှုများကို အမှုမှန်ပေါ်ပေါက်ရေးနှင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ယခုလက်ရှိအချိန်အထိ လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *