CDF-Asho က စစ်ကောင်စီတပ်သား ၂၃ ဦးကို ၅ ရက်အတွင်း အရှင်ဖမ်းမိ
ဇွန်လ ၁၄ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း) မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ ဦးကို ၅ ရက်အတွင်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း CDF-Asho က ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
CDF-Asho အနေဖြင့် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း) အနီး မီတာ ၁၅၀၀ ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေးလုပ်နေစဉ် ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၅) ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး MA1 သေနတ် ၅ လက်၊ MA 3 သေနတ် ၃ လက်နှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယခု ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများသည် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူများဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြရန် CDF-Asho က တိုက်တွန်းထားသည်ကို သိရသည်။
သတင်း – James Roe