CDF-Mindat နှင့် MTC/MDF တပ်ဖွဲ့ အခြေခံစစ်သင်တန်း သင်တန်းဆင်းပွဲပြုလုပ်ပြီး SRF တပ်ဖွဲ့ စစ်ပညာစွမ်းရည်မြင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်
ဇွန်လ ၁၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF-Mindat နှင့် MTC/MDF တပ်ဖွဲ့တို့သည် အခြေခံစစ်သင်တန်း သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး Senthang Revolution Force (SRF) သည်လည်း စစ်ပညာစွမ်းရည်မြင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် တပ်ဖွဲ့အသီးသီးမှ ထုတ်ပြန်ထားသည်ကို သိရသည်။
CDF-Mindat ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ပြုလုပ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ဦးစီးချုပ်နှင့် တပ်မှူးများ တက်ရောက်ခဲ့ကြကြောင်း CDF-Mindat မှ ထုတ်ပြန်ထားသည်ကို သိရသည်။
MTC/MDF မှ စီစဉ်ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၄ သင်တန်းဆင်းပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူးများ၊ မဟာမိတ်တပ်မှူးများနှင့် တိုက်နယ်၊ ကျေးရွာများမှ ကိုယ်စားလှယ်များ အသီးသီး တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်းနှင့် သင်တန်းကာလအတွင်း လိုအပ်သည်များကို ကူညီပံ့ပိုးပေး ပြည်တွင်း/ပြည်ပရှိ မရာပြည်သူလူထုနှင့် ULA/AA အပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း MTC/MDF မှ ထုတ်ပြန်ထားသည်ကို သိရသည်။
ဟားခါးမြို့နယ်အခြေစိုက် Senthang Revolution Force (SRF)တပ်ဖွဲ့မှ ပထမအကြိမ် စစ်ပညာစွမ်းရည်မြင့်တင်ရေး မွမ်းမံသင်တန်းကို ဇွန်လ ၁၁ ရက်နေ့တွင် ကောင်းမွန်စွာပြုလုပ်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးကာလကြာလာသည်နှင့်အမျှ စစ်ရေးစွမ်းရည်မြင့်တင်ရန် အမိန့်နာခံမှု၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည် မြင့်တင်ရေး မွမ်းမံသင်တန်းကိုပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မွမ်းမံသင်တန်း ဖြစ်မြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပါဝင်ပေးကြသူများအားလုံး အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ SRFနှင့်အတူ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်ရန် SRF မှ သတင်းထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe
ပုံ – CDF-Mindat, MTC/MDF, SRF
ပုံစာ – CDF-Mindat နှင့် MTC/MDF တပ်ဖွဲ့ အခြေခံစစ်သင်တန်း သင်တန်းဆင်းပွဲပုံနှင့် SRF တပ်ဖွဲ့ စစ်ပညာစွမ်းရည်မြင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်နေပုံ။