HPO/CDF-Hualngoram က ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် ကြေညာ
ဇွန်လ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ဟွာလ်ငိုးရမ်းဒေသအတွင်း တရားဥပဒေစိုးမိုးရေး ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် ပြည်သူများ ဘေးကင်းလုံခြုံ မှုရှိစေရန်အတွက် State of Emergency အဖြစ် HPO/CDF-Hualngoram က ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရသည်။
HPO/ CDF- Hualngoram ၏ Office Bearer အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဟွာလ်ငိုးရမ်းဒေသအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အရ တရားဥပဒေစိုးမိုးရေး(Law and Order) ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ဆွေးနွေးသုံးသပ်ပြီးနောက် အရေးပေါ်အခြေအနေ State of Emergency ကြေညာရန် ဆုံးဖြတ်ခဲ့ပြီး ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် CNO/ CNDF ဘက်က ထိုးစစ်ဆင်လာတာတွေများနေကာ “ရိ” အပေါ်မှရွာ Khawthlir ရွာတွင် CNO/ CNDF က ဂိတ်အသစ်ဖွင့်ထားကာ ပြီးခဲ့သည့် တစ်ပတ်လုံး ပြည်သူများကို အသွားအလာ စီစစ်မှုများ လုပ်ဆောင်နေခြင်း၊ ဈေးဝယ်ရန် သွား/လာနေသူများကို စစ်ကောင်စီကဲ့သို့ ဖုန်းထဲတွင်ရှိသည့် အချက်အလက်များကို ဖွင့်ကြည့်ကာ စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေရပြီး ဟွာလ်ငိုးရမ်ဒေသထဲတွင် ယခုကဲ့သို့ ဖြစ်နေသည့်အပေါ်တွင် HPO/CDF-Hualngoram အနေဖြင့် မည်သို့ လုပ်ဆောင်ပေးမည်၊ ဖြေရှင်းပေးမည်ကို ပြည်သူများဘက်မှ တောင်းဆိုလာသည်များရှိသောကြောင့် HPO/CDF-Hualngoram မှ ပြည်သူများ၏ လုံခြုံရေးအတွက် လိုအပ်သလို အရေးယူ၍ရရှိစေရန်အတွက် State of Emergency ကို ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ဟွာလ်ငိုးရမ်အတွင်းရှိ တခြားသော CNO/CNDF ၏ စစ်ဆေးရေးဂိတ်များတွင် ထိုကဲ့သို့ ပြဿနာများမရှိကြောင်း HPO/CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိ သူက Khonumthung သတင်းဌာနသို့ ဖြေကြားထားသည်ကို သိရသည်။
HPO/CDF-Hualngoram မှ ဤကြေညာချက် ထုတ်ပြန်သည့်နေ့မှစ၍ နောက်ထပ် ကြေညာချက်မထုတ်ပြန်မီ အထိ အကြုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe