မတူပီမြို့နယ်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးပစ္စည်းတချို့ Future Hope Foundation က ထောက်ပံ့ပေးအပ်
ဇွန်လ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့နယ်တွင် ကြားကာလ ပညာသင်ကြားနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်သစ်ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးပစ္စည်းတချို့ကို ဇွန်လ ၁ ရက်နေ့တွင် Future Hope Foundation က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ပိတ်ဆို့မှုကြောင့် မတူပီမြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဝယ်ယူအသုံးပြုရန် အခက်အခဲကြုံတွေ့နေပါသဖြင့် Future Hoep Foundation မှ ကူညီထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို သိရသည်။
Future Hoep Foundation မှ KG အတွက် ၃၀ စုံ၊ Grade 1 အတွက် ၃၀ စုံ၊ Grade 2 အတွက် ၃၀ စုံ၊ Grade 3 အတွက် ၃၀ စုံ၊ Grade 4 အတွက် ၃၀ စုံ၊ Grade 5 အတွက် ၁၅ စုံ၊ Grade 6 အတွက် ၁၅ စုံ၊ Grade 7 အတွက် ၁၅ စုံ၊ Grade 8 အတွက် ၁၅ စုံ နှင့် Grade 9 အတွက် ၁၅ စုံ တို့ကို ထောက်ပံပေးအပ်ခဲ့ပြီး White Board များနှင့် White Pen များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Future Hope Foundationမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများကို ကျေးရွာတာဝန်ခံ ပညာရေးဘုတ်အဖွဲ့များက အသီးသီးလက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို သိရသည်။
Future Hope Foundation မှ မတူပီမြို့နယ်၊ တန်ကူရွာ (က)၊ တန်ကူရွာ (ခ)၊ ပခိန်းရွာ၊ စောင်ထီးယာရွာ၊ ထီစောင်းရွာနှင့် ဇာကမ်းရွာတို့တွင် မတ်လတွင် White board ၇ ခု၊ White pen များနှင့် Duster များကို အသီးသီးပေးအပ်ခဲ့ပြီး ဧပြီလတွင်လည်း ထီစောင်းရွာ၊ စောင်ထီးယားရွာနှင့် ခွါငန်းရွာတို့တွင် အလယ်တန်းအတွက် White Board ၃ ခုကို ထပ်မံကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍လည်း မိဘပြည်သူများအနေဖြင့် တက်နိုင်သည့်ကဏ္ဍမှ ထောက်ပံ့ကူညီပါဝင်ပေးကြပါရန်နှင့် ပါဝင်လှူဒါန်းလိုပါက Future Hope Foundation Page သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း သိရသည်။
သတင်း – James Roe
Photo by Future Hope Foundation
ပုံစာ – Future Hope Foundation မှ ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများကို ကျေးရွာတာဝန်ခံ ပညာရေးဘုတ်အဖွဲ့များမှ လက်ခံနေစဥ်။


