လောက်တူးဒေသအတွင်း Wifi Internet တပ်ဆင်ခြင်းနှင့် လူမှုကွန်ယက် အသုံးပြုခြင်း ကန့်သတ်
ဇွန်လ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း ဒေသခံပြည်သူများ Wifi Internet တပ်ဆင် အသုံးပြုရာတွင် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာလျှင် တပ်ဆင်အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် လူမှုကွန်ယက် အသုံးပြုရာတွင် တော်လှန်ရေးဆိုင်ရာ သတိတရားဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်ဆိုသည့် ကန့်သတ်ချက် ၈ ချက်ကို လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( Lautu Region People Administration – LRPA) က ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ထုတ်ပြန်ချက်ထဲတွင် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ရေးကိုယ်တာ အသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ်လုပ်ငန်းအတွက် ဖြစ်စေ၊ Wifi ဆက်သွယ်ရေး ပစ္စည်းများ တပ်ဆင်အသုံးပြုခြင်း မပြုလုပ်ရန်၊ ကိုယ်ရေးကိုယ်တာအတွက် တပ်ဆင်ထားသည့် Wifi ဆက်သွယ်ရေးပစ္စည်း ဖြစ်စေကာမူ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အသုံးပြုရမည်ဖြစ်သည်။
လုံခြုံရေးဆိုင်ရာ ထိပါးစေနိုင်သည့် အချက်အလက်၊ မှတ်တမ်းဓါတ်ပုံနှင့် တည်နေရာများအား ဖော်ပြရေးသားခြင်း၊ ဖြန့်ဝေခြင်းမပြုရန်နှင့် မည်သည့်အဖွဲ့အစည်း၊ ဌာနများ၏ ရုံးစာများ၊ လုပ်ငန်းကိစ္စနှင့် စပ်လျဉ်းသည့် အခြားမှတ်တမ်းဓါတ်ပုံများကို သက်ဆိုင်ရာမှ တရားဝင် ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်မှလွဲ၍ ဖြန့်ဝေခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် တားမြစ်ထားသည်။
တော်လှန်ရေးလုပ်ငန်းစဉ်အား အဟန့်အတားဖြစ်စေမည့် မည်သည့်အကြောင်းအရမျှ ရေးသားဖြန့်ဝေခြင်း မပြုရန်နှင့် ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သည့် မည်သည့်လှုံ့ဆော် ရေးသားခြင်းမျှ မပြုလုပ်ရန် ဖော်ပြထားသည်။
ကန့်သတ်တားမြစ်ထားသည့် နေရာများတွင် မှတ်တမ်းဓါတ်ပုံရယူခြင်း၊ အသံဖမ်းယူခြင်း၊ ဗီဒီယိုရိုက်ယူခြင်းများ မလုပ်ရန်နှင့် လောက်တူဒေသ၏ဝေဟင်များတွင် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများမှအပ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ မည်သသည့် Drone ယာဉ်များ၊ အခြားပျံသန်းနိုင်သော စက်ကိရိယာများ မောင်းနှင်ပျံသန်းခြင်း မပြုရန် သတိပေးထုတ်ပြန်ထားသည်ကို သိရသည်။
လောက်တူဒေသအတွင်း ဒေသခံပြည်သူများအတွက် ဆက်သွယ်ရေးစနစ်ကောင်းမွန်စေရေးအတွက် LRPA နှင့် လုပ်ငန်းရှင်တချို့နှင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကစ၍ စာချုပ်ချုပ်ဆို အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် သက်ဆိုင်ရာ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ခွင့်ပြုချက်မရဘဲ မိမိ သဘောအတိုင်း ဆောင်ရွက်ခြင်းပြုလုပ်လျှင် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း LRPA က ထုတ်ပြန်ထားသည်ကို သိရသည်။
လောက်တူနယ်ဒေသတွင် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဆက်သွယ်ရေးဆိုင်ရာ သီးခြားညွှန်ကြားချက်များ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အခြားစည်းမျဉ်းစည်းကမ်းများကို ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တော်လှန်ရေးနှင့် ဆက်စပ်လုပ်ငန်းများအား စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြပါရန် လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( Lautu Region People Administration – LRPA) က အသိပေးထားသည်ကို သိရသည်။
သတင်း – James Roe
