ပလက်ဝမြို့နယ်ကို ULA/AA က ပလက်ဝခရိုင်အဖြစ် ရခိုင်ပြည်နယ်ထဲ ထည့်သွင်းသည်ဟု ဆိုသည့်အပေါ် GKO က ပြင်းပြင်းထန်ထန်ရှုပ်ချ
ဇွန်လ ၁၉ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်ကို ULA/AA က ပလက်ဝခရိုင်အဖြစ် ရခိုင်ပြည်နယ်ထဲ ထည့်သွင်းသည်ဟု ဆိုသည့် အပေါ်တွင် Global Khumi Organization – GKO က ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်ကို တွေ့ရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ အသစ်ဖွဲ့စည်းလိုက်သည့် ခရိုင် ၈ ခုထဲတွင် တစ်ခုအဖြစ် ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရက ထည့်သွင်းဖွဲ့စည်းလိုက်ကြောင်း ရခိုင်အခြေစိုက် Narinjara သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့က ဖော်ပြခဲ့သည့်အပေါ် ဒေသခံချင်းတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ပလက်ဝခရိုင်ကို ရခိုင်ပြည်ထဲသို့ ထည့်သွင်းခြင်းသည် ဒေသခံ ခူမီး(ချင်း) ပြည်သူများနှင့် ချင်းတစ်မျိုးသားလုံးကို စော်ကားခြင်း ဖြစ်သောကြောင့် အာရက္ခတပ်တော်(အေအေ)၏ လုပ်ရပ်ကို Global Khumi Organization – GKO အနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချခြင်း ဖြစ်သည်။
ပလက်ဝခရိုင်သည် ၁၉၇၆ ခုနှစ်၊ အင်္ဂလိပ်လက်အောက် ကျရောက်စဉ်က ရခိုင်မြောက်ပိုင်း တောင်တန်းခရိုင်ဟု အင်္ဂလိပ်တို့က သတ်မှတ်ခဲ့သော်လည်း မိမိတို့ ဒေသခံခူမီးလူမျိုးများသည် သီးခြားလွတ်လပ်စွာ အုပ်ချုပ်ခဲ့သော နယ်မြေဖြစ်ပြီး မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ပထဝီနယ်မြေအဖြစ်သာပါဝင်ကာ ခူမီး(ချင်း) လူမျိုးများ၏ မြင့်မြတ်ပြီး အစားထိုးမရသော မွေးရပ်မြေအဖြစ် ရပ်တည်လျက်ရှိသည်။
ပလက်ဝခရိုင်သည် ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ချင်းပြည်နယ်၏ မြို့နယ် ၉ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကာ ၎င်း၏ အရေးပါမှုသည် တရားဝင် အသိအမှတ်ပြုမှုထက် ကျော်လွန်ကြောင်းနှင့် တောတောင်၊ မြစ်ချောင်း၊ အင်းအိုင်၊ သစ်တော အပြင် ၎င်းတို့အားစောင့်ရှောက်သော နတ်ကောင်း၊ နတ်မြတ် (Khunang, Khutyp Keaung) တို့တည်ရှိမှုသည် ခူမီးချင်း လူမျိုးတို့၏ ဖြစ်တည်မှုနှင့် တစ်ထပ်တည်းဖြစ်ပြီး ပလက်ဝဒေသည် ခူမီး(ချင်း)လူမျိုးတို့၏ ဝိသေသလက္ခဏာ၊ လူမျိုးဖြစ်တည်မှုနှင့် ခွဲခြား၍မရနိုင်သော ဘိုးဘွားပိုင်နယ်မြေ ဖြစ်သည်။
ပလက်ဝခရိုင်အား အေအေအနေဖြင့် တရားမဝင်သိမ်းယူရန် ကြိုးစားအပေါ် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ ချင်းပြည်အစိုးရနှင့် အခြားသက်ဆိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒေသခံပြည်သူ များ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် Khumi Organization – GKO က အလေး အနက်ထား တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – James Roe
