ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ဖြည့်စွက်ပြီး CNF ပါဝင်မှုလျှော့ချကာ ကိုယ်စားလှယ်ပါဝင်မှုလည်း အပြောင်းအလဲပြုလုပ်
ဇွန်လ ၂၀ ရက်၊ ၂၀၂၅။
ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းကို ပြန်လုပ်ကာ ချင်းပြည်(Chinland) ကောင်စီအတွက် အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ် စေလွတ်ရာတွင် ချင်းအမျိုးသားတပ်ဦး CNF ၏ ပါဝင်မှုလျှော့ချခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်နှင့် ဒေသအဖွဲ့ ကိုယ်စားလှယ်ပါဝင်မှုလည်း အပြောင်းအလဲ ပြုလုပ်ကြောင်း ချင်းပြည် (Chinland)ကောင်စီက ဇွန် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မူလပြဌာန်းခဲ့သည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ တွင် ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်သည့် ချင်းလွှတ်တော် ကိုယ်စားလှယ်မှ ၂၇ ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ကိုယ်စားလှယ် ၂၇ ဦးနှင့် မြို့နယ်နဲ့ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ် ၈၆ ဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ယခုပြင်ဆင်ချက်တွင် ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်သည့် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး ( CNF) မှ ကိုယ်စားလှယ် ၁၅ ဦး၊ ဒေသသီးခြားမရှိသောမြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၈ ဦးစီ၊ ဒေသသီးခြားရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၅ ဦးစီနှင့် ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃ ဦးစီဖြင့် ချင်းပြည်ကောင်စီကို ပြန်လည်ဖွဲ့စည်းထားသည်ဟု ချင်းလဲန်းကောင်စီက ဆိုသည်။
အခြားပြင်ဆင်ချက်တစ်ခုမှာ ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းရာတွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၃ ဦး၊ ချင်းလွှတ်တော်မှ ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်နှင့်ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁ ဦးစီတို့ဖြင့် ဖွဲ့စည်းသည်ဟူ၍ ပြင်ဆင်ပြဌာန်းသည်ကို သိရသည်။
ဥပဒေပြဌာန်းချက်နှင့် ပတ်သက်၍ ချင်းပြည်လွှတ်တော်က ရေးဆွဲပြဌာန်းလိုက်သော ဥပဒေသည် ချင်းပြည်အစိုးရ ဝန်ကြီးချုပ်က ဥပဒေကြမ်းကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက် အတွင်း လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ဥပဒေအတည်ဖြစ်နိုင်ရေး ပြင်ဆင်ပြဌာန်းကြောင်း သိရသည်။
ချင်းလုံမြို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်၍ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၂၃ ၏ ပုဒ်မ ၂၅၊ ၂၆၊ ၂၇၊ ၃၂ (င)၊ ၃၂(ဌ) (ဋ)၊ ၃၂ (ဈ)၊ ၃၆ ၊ ၄၅၊ ၄၈၊ ၆၇၊ ၆၈ (ခ)၊ ၈၅ (ဈ)နှင့် ၉၂ စသည့် ပုဒ်မပေါင်း ၁၃ ခုကို ပြင်ဆင်၊ ပယ်ဖျယ်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေကို အခန်း ၁၀ ခုနှင့် နောက်ဆက်တွဲ ၂ ခုပါရှိပြီး အခန်း (၁) အခြေခံမှုများ ၊ အခန်း(၂) ချင်းပြည် (Chinland) ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း(၃) ချင်းပြည် (Chinland) ကောင်စီ၊ အခန်း(၄) ဥပဒေပြုရေး၊ အခန်း(၅) အုပ်ချုပ်ရေး၊ အခန်း(၆) တရားစီရင်းရေး၊ အခန်း(၇) ချင်းပြည် (Chinland) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ အခန်း(၈) ဒေသန္တရ အုပ်ချုုပ်ရေး၊ အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်း ၊ အခန်း(၁၀) အထွေထွေ ပြဌာန်းချက်များနှင့် နောက်ဆက်တွဲ(၁) ကတိသစ္စာပြုချက်၊ (၂) ချင်းပြည် (Chinland) အဆင့်နှင့် ဒေန္တရအဆင့်ကြား အာဏာခွဲဝေခြင်း စသည်တို့ဖြစ်ပြီး တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီ ညီလာခံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ Victoria Base တွင် ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံသို့ ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ဒေသခံအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပ ဧည်သည်တော် စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် အတည်ပြုခဲ့ခြင်းကာ ညီလာခံကိုအောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe
