ပလက်ဝမြို့နယ်၊ ကြားကာလပညာရေး ပြည်သူ့ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးတွက် အကူအညီများလိုအပ်
ဇွန်လ ၂၀ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်လျက်ရှိသည့် ကြားကာလ ပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ယခုနှစ် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအသုံးပြုရန် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းသုံးပရိဘောဂများ လုံလောက်မှုမရှိခြင်းနှင့် ဆရာ/မများအတွက်လည်း ဆရာအတတ်ပညာ မွမ်းမံသင်တန်းများပြုလုပ်ရန် စသည့် အခက်အခဲများနှင့် လိုအပ်ချက်များ ကြုံတွေ့နေရကြောင်း ပညာရေးဘုတ်အဖွဲ့တာဝန်ခံထံမှ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် သိရသည်။
ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ယခုနှစ် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ ဆရာ/မများ သင်တန်းအတွက် လိုအပ်သည့် ငွေကြေးအကူအညီများနှင့် Student Kits (ကျောင်းသုံးစာရေးကိရိယာများ) မရရှိသည့်အတွက် သင်တန်းများ ပြုလုပ်နိုင်ရန်နှင့် စာသင်ကြားရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကြားကာလပညာရေး ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပရှိအလှူရှင်များ၊ INGO များ၊ INGO များ မှ ကူညီပေးကြပါရန် ပလက်ဝမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့က အကူအညီတောင်းခံထားသည်ကို သိရသည်။
ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပြီးခဲ့သည့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် NGO အဖွဲ့အစည်းတစ်ချို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Student Kits (ကျောင်းသုံးစာရေးကိရိယာများ) ကို လက်ခံရရှိကာ ဆရာ/မများအတွက်လည်း ဆရာအတတ်ပညာမွမ်းမံသင်တန်းများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မတရားအာသိမ်းစစ်အုပ်စုကို တော်လှန်ဆန်းကျင်သည့် CDM ဆရာ/မများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်၍ ပညာသင်ကြားနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျှက်ရှိနေကြောင်း သိရသည်။
သတင်း – James Roe
