နတ်ရေကန်လမ်းဟောင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကာကင်းတပ်စခန်းကို NSA, ACDF, CDF-Asho တို့ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်
ဇွန်လ ၂၁ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်း၊ ခွန်ဇူရွာ လမ်းခွဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ကာကင်းစခန်း တစ်ခုကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho နှင့် ACDF တို့က ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အသီးသီးထုတ်ပြန်ထားသည်ကို သိရသည်။
နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး (ဗျူဟာကုန်း) ၏ ကာကင်းစခန်းကို လူ့ဘောင်သစ်တပ်မတော် (NSA)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ချင်းကာကွယ်ရေးတပ် (CDF-Asho) တို့ပူးပေါင်း၍ ဇွန်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့် ကြာမြင့်ပြီး စခန်းကို ထိန်းချုပ်စီးနင်းနိုင်ခဲ့ကြောင်း ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် စခန်းစွန့်ခွာထွက်ပြေးကြပြီး တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး တစ်ဦးကိုအရှင်ဖမ်းမိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသည် ဒဏ်ရာရရှိကာ ထွက်ပြေးကြကြောင်း၊ MA အမျိုးအစား လက်နက်ငယ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်းတွင် CDF-Asho မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။
ထို့အပြင် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေးကို လုပ်ဆောင်နေစဉ် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃) ရက်တာအတွင်း နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၄ ဦးကိုလည်း အရှင်ဖမ်းမိထားပြီ MA – 1 (၃) လက်၊ MA – 3 (၁) လက် နှင့် ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သတင်း – James Roe
ဓါတ်ပုံ – CDF-Asho, ACDF
ပုံစာ – NSA, ACDF, CDF-Asho ပူးပေါင်းတပ်က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
