ပလက်ဝမြို့ပေါ်တွင် ခူမီးချင်းအမျိုးသား သုံးဦးကို အေအေတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား
ဇွန်လ ၂၁ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့ပေါ်တွင် ခူမီးချင်းအမျိုးသား သုံးဦးကို ပြီးခဲ့သည့် ဧပြီလတွင် အေအေတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယနေ့အထိ ပြန်လည်လွှတ်မပေးသေးကြောင်း ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ပလက်ဝမြို့သူ/သားများထံမှ သိရသည်။
အေအေတပ်ဖွဲ့က ပလက်ဝမြို့၊ ရွာမရပ်ကွက်တွင် နေထိုင်သည့် မူလတန်းပြ ကျောင်းဆရာ ဦးအောင်လင်းသိန်း အသက် ၄၁ နှစ် (မိဘ – ဦးအောင်ဝင်း၊ ဒေါ်အောင်ယဒ်) အား ဧပြီလ ၇ ရက်နေ့ ညနေပိုင်းတွင်ဖမ်းဆီးခဲ့ကြောင်း၊ မြို့မရပ်ကွက်တွင် နေထိုင်သည့် ဦးဟင်နရီ အသက် ၃၅ နှစ် (မိဘ – ဦးအောင်လ၊ ဒေါ်မစိန်နု) ကို ဧပြီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်တစ်ဦးမှာ အေအေတပ်ဖွဲ့၏ ရဲဌာနတွင် တာဝန်ထမ်းဆောင်သည့် ဦးထွန်းနိုင် (ဖမ်းဆီးခံရသည့်ရက်စွဲနှင့် နေရပ်လိပ်စာ စုံစမ်းနေဆဲ) တို့ဖြစ်ကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။
“ပလက်ဝမြို့ပေါ်မှာ သူတို့ သုံးယောက်ကို ဧပြီလထဲမှာပဲ ရှေ့ဆင့်နောက်ဆင့်ပဲ ဖမ်းခံရတာပါ။ ဘာကြောင့် အေအေတွေက သူတို့ကို ဖမ်းသွားကြတာလဲတော့မသိဘူး။ တစ်ခုခု အကြောင်းပြချက်တော့ရှိမယ်။ ဒါပေမယ့် သူတို့ကိုလည်း သိနေတာပဲ၊ သူတို့ကို ဖမ်းရလောက်အောင်လည်း သူတို့က မဟုတ်တာလုပ်တဲ့ သူတွေမှ မဟုတ်တာ။ ကျွန်တော်ကတော့ ဒါက အကြောင်းမဲ့သက်သက် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ပဲ မြင်တယ်။ အေအေတွေက သူတို့ အမြင်မကြည်ဘူးဆိုရင် ဒီလိုပဲ ဟိုလူ့ခေါ် ဒီလူ့ခေါ် စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်တယ်ကြတယ်။ ခုသူတို့ကို ဖမ်းထားတာ နှစ်လကျော်တောင် ကြာနေပြီ။ ပြန်လည်း မလွှတ်ပေးသလို ဘယ်လို ထိန်းသိမ်းထားတယ်၊ စစ်ဆေးတယ် ဆိုတာတွေလည်း မသိရဘူး။ အေအေတွေက ဘယ်လိုလုပ်တာလဲ မသိဘူး…” ဟု ပလက်ဝမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
အေအေတပ်ဖွဲ့သည် ပလက်ဝမြို့နယ်တွင် အာရက္ခပြည်သူ့အုပ်ချုပ်ရေးအဖြစ် ဖော်ဆောင်လာပြီးနောက်တွင် ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းများနှင့် အသွားအလာ ကန့်သတ်ခြင်းများကို အကြောင်းမဲ့ လုပ်ဆောင်လာကြပြီး ပလက်ဝမြို့နယ်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား တိုးပွားနေကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှစ၍ ဖုန်းလိုင်းမရရှိတော့ခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ အပါအဝင် ဖြစ်ပျက်ပြောင်းလဲနေသည်များကို သိရှိနိုင်ရန်အတွက်လည်း အားနည်းနေရပြီး လက်ရှိတွင် Star Link အင်တာနက်လိုင်းများကိုလည်း အေအေတပ်ဖွဲ့နှင့် ဆက်စပ်သူများမှလွှဲ၍ မည်သူကမျှ အသုံးပြု၍မရဘဲ အေအေက ထိန်းချုပ်ထားပြီး ဒေသခံပြည်သူများသည် သတင်းအမှောင်ချ ခံနေရသည့်အပြင် ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် ဒေသတွင်းအဖြစ်အပျက် အကြောင်းအရာများကိုလည်း ထုတ်ဖော်ပြောဆိုရန်အတွက် မဝံ့မရဲခြင်း၊ ကြောက်ရွံ့ခြင်းများ ရှိနေကြပြီး နေ့စဉ်နှင့်အမျှ လူမှုစီးပွားရေးအပိုင်းတွင်လည်း အခက်အခဲဒုက္ခများလည်း တွေ့ကြုံခံစားနေကြရကြောင်း သိရသည်။
သတင်း – James Roe
