ကလေး – တီးတိန်ကြား အကြမ်းဖက်စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
ဇွန်လ ၂၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့နှင့် ၅ မိုင်ခန့်အကွာ ဆင်စခန်းအနီးကို ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် ဆင်ထိန်းလူငယ်တဦး သေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာနှင့် ၄ မိုင်ခန့်အကွာတွင်ရှိသည့် လေထန်ကုန်း ခေါ် Thangmual ကို ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ခိုင်ကမ်းဆင်စခန်းသည် ခိုင်ကမ်းမြို့နှင့် တီးတိန်မြို့ကြားတွင်တည်ရှိပြီး ကလေး – တီးတိန် ကားလမ်း ပိတ်ထားသောကြောင့် ယခုအခါ ဒေသခံများသည် ခိုင်ကမ်းဆင်စခန်းအနီးမှဖြတ်၍ သွားလာနေကြရကြောင်း၊ လေထန်ကုန်းသည် ကလေး – တီးတိန် ကားလမ်းမပေါ်၊ သိုင်းငင်းအကျော်တွင်တည်ရှိပြီး ကလေးမှ ချင်းတောင်ပေါ်တက်လာလျှင် အများအပန်းဖြေရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ကလေးမြို့မှ ချင်းတောင်ဘက်သို့ ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မေလ ၂၁ ရက်က စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သော်လည်း လက်တလောတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် မွှာလ်ပီးကျေးရွာမှ ရှေ့တိုးမလာသေးဘဲ မွှာလ်ပီးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဆက်လက်တပ်စွဲထားကာ နှစ်ဖက်စလုံး တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့နယ် ကလေး- သိုင်းငင်းကားလမ်းပေါ်တွင်ရှိသည့် မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာများမှ ဒေသခံပြည်သူ ၁၃၀၀ ကျော်သည် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် အိုးအိမ်စွန့်ခွာကာ နီးစပ်ရာကျေးရွာများနှင့် တောင်ယာတဲများတွင် စစ်ဘေးရှောင်နေသည်မှာ တစ်လကျော် ကြာနေပြီဖြစ်ကြောင်းနှင့် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာများနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe
