ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများ မည်သည့်ဆက်သွယ်ရေးပစ္စည်းမျှ အသုံးပြုခွင့်မရရှိဘဲ သတင်းအမှောင်ချ ခံနေရ
ဇွန်လ ၂၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် Star Link အင်တာနက်လိုင်းများကို အေအေတပ်ဖွဲ့မှ ထိန်းချုပ်ထားပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ဒေသခံပြည်သူများသည် ပြည်တွင်း/ ပြည်ပရှိ မိသားစု၊ ဆွေမျိုးများနှင့် အဆက်အသွယ်ပြတ်တောက်ကာ မည်သည့်သတင်းအချက်အလက်မျှလည်း သိရှိမှု၊ ရရှိမှု မရှိတော့ဘဲ သတင်းအမှောင်ချခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖုန်းလိုင်းများ စတင်ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ်တွင် အေအေ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လာသော်လည်း ဒေသခံများသည် ယနေ့အချိန်အထိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အသုံးပြုခွင့် မရရှိတော့ကြောင်း သိရသည်။
“ပလက်ဝမြို့နယ် တစ်နယ်လုံး ဖုန်းလိုင်းရော အင်တာနက်လိုင်းရော ပြတ်တာကြာပြီ။ ဒါပေမယ့် သူတို့ (အေအေ) နဲ့ သူတို့ဆက်စပ်တဲ့ သူတွေတော့ အင်တာနက် အသုံးပြုလို့ရတယ်။ ဒေသခံပြည်သူတွေ တစ်ယောက်မှ အသုံးပြုခွင့် မရဘူး။ Star Link စက်ဝယ်ပြီးတော့လည်း အသုံးပြုခွင့် မပေးဘူး။ ပလက်ဝနယ်မှာပဲလားဆိုတော့လည်း မဟုတ်ဘူး။ သူတို့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တွေမှာလည်းပဲ ဘယ်သူမှ အသုံးပြုခွင့်မရကြဘူး။ သူတို့က သတင်းအမှောင်ချချင်နေတာ အမှန်ပဲ…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
“အမှန်ဆိုရင် ပြည်သူတွေအနေနဲ့ ဖုန်းလိုင်းမရရင်တောင်မှ အင်တာနက်အသုံးပြုခွင့် ရရမယ်လေ။ တခြားမှာရှိတဲ့ (ပြည်တွင်း/ပြည်ပ) မိသားစုတွေ၊ ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ်လုပ်ချင်တာပေါ့။ တချို့ဆိုရင် သားသမီးတွေဆီ ပိုက်ဆံမှာဖို့အတွက် အဆက်အသွယ် လိုတယ်လေ။ အင်တာနက်လိုင်းရတဲ့ ဆီကိုသွားမယ်ဆိုရင်လည်း အသွား/အပြန် ငါးသိန်း၊ ခြောက်သိန်းဝန်းကျင်လောက်တော့ ကုန်တယ်။ အင်တာနက်အသုံးပြုဖို့ သွားပြီး ပြန်လာရင်တောင် သူတို့က ဖုန်းကို စစ်ဆေးတာတို့လုပ်ကြသေးတယ်။ ခုဟာက အားလုံးနဲ့ အဆက်အသွယ်ဖြတ်ထားကြတာ…” ဟု နောက်ထပ် ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
“အေအေတွေက ပလက်ဝမြို့နယ်မှာ သူတို့ လုပ်တဲ့အကြောင်းအရာတွေကို တခြားမှာ မပေါက်ကြားစေချင်တာပဲ။ သူတို့က ဒေသခံပြည်သူတွေအပေါ်မှာ ချိုးဖောက်မှုတွေ အများကြီး လုပ်နေကြတယ်။ ဒါကို ပြည်တွင်း/ ပြည်ပမှာရှိတဲ့ လူတွေသိရင် သူတို့ကို မထောက်ခံတော့ပဲ ဖြစ်မှာကို ကြောက်နေကြတာ။ သူတို့မှန်တာလုပ်ရင် ဘာမှကြောက်စရာမရှိဘူးလေ။ ဘာမှ ဖုံးကွယ်ထားစရာမှ မလိုတာ။ သူတို့လုပ်တဲ့ မကောင်းတာတွေဟာ ဘယ်လောက်ပဲ ဖုံးဖုံး ခုဆိုတဖြည်းဖြည်းနဲ့ ပေါ်လာပါပြီ။ နောက်ဆို ဒီထက်အများကြီး ပေါ်လာတော့မှာပါ။ ဒေသခံတွေအပေါ်မှာ သူတို့လုပ်တာတွေများနေပြီ…” ဟု ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က ဒေသခံပြည်သူများအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ အပါအဝင် ဒေသအတွင်း ဖြစ်ပျက်ပြောင်းလဲနေသည်များကို သိရှိနိုင်ရန်အတွက်လည်း ပိတ်ပင်တားဆီးထားပြီး လက်ရှိတွင် Star Link အင်တာနက်လိုင်းများကိုလည်း အေအေတပ်ဖွဲ့နှင့် အေအေနှင့်ဆက်စပ်သူများမှလွှဲ၍ မည်သူကမျှ အသုံးပြု၍မရဘဲ ထိန်းချုပ်ထားပြီး ဒေသခံပြည်သူများသည် သတင်းအမှောင်ချ ခံနေရသည်။
ထို့အပြင် ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် ဒေသတွင်းအဖြစ်အပျက် အကြောင်းအရာများကိုလည်း ထုတ်ဖော်ပြောဆိုရန်အတွက် မဝံ့မရဲ ကြောက်ရွံ့ခြင်းများ ရှိနေကြပြီး နေ့စဉ်နှင့်အမျှ လူမှုစီးပွားရေးအပိုင်းတွင်လည်း အခက်အခဲဒုက္ခများ တွေ့ကြုံခံစားနေကြရကြောင်း သိရသည်။
အေအေတပ်ဖွဲ့သည် ပလက်ဝမြို့နယ်တွင် အာရက္ခပြည်သူ့အုပ်ချုပ်ရေးအဖြစ် ဖော်ဆောင်လာပြီးနောက်တွင် ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းများနှင့် အသွားအလာ ကန့်သတ်ခြင်းများကို အကြောင်းမဲ့ လုပ်ဆောင်လာကြပြီး ပလက်ဝမြို့နယ်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေကြောင်း သိရသည်။
သတင်း – James Roe

