
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။
ဒီနေ့ကိုလည်း သာသာယာယာရှိတဲ့ ဆောင်းမနက်ခင်းများစွာထဲက သာယာတဲ့ဆောင်းမနက်ခင်းတစ်ခုလို့ပဲ ဝိဂြိုဟ်ပြုချင်ပါတယ်။ မိုးသားတွေကင်းစင်တဲ့ ပြာလွင်လွင်ကောင်းကင်ကြီးက မြင်ရတဲ့သူတွေကို စိတ်ကြည်လင်မှု ပေးပါတယ်။
ကျွန်တော်လည်း လောကီသားပေပဲ။ သဘာဝတရားကြီးက အခမဲ့ပေးနေတဲ့ ကြည်လင်အေးမြမှုကို ခံစားထိုက်ပါတယ်။
ဒီနေ့တော့ မောင်ငြိမ်းချမ်းနဲ့ မောင်စုစုဝင်းတို့နှစ်ဦးလည်း အကျဉ်းကလွတ်ပါတယ်။ ထုံးစံအတိုင်း သူတို့လည်း တပ်ကြပ်ကြီးသိပ္ပံဆီက ကြိမ်ဒဏ်ငါးချက်စီ အညီအမျှရကြပါတယ်။ သူတို့အပြော အထက်အမိန့်အရပေါ့။
ဒီကြားထဲ မောင်စုစုဝင်းက ရခိုင့်တပ်တော်ရည်မှန်းချက်သုံးရပ်ကို မြန်မာ့တပ်မတော် သစ္စာအဓိဋ္ဌာန်လေးချက်နဲ့ မှားရွက်မိလို့ အပိုဆောင်း အပြစ်ပေးခံရသေးသတဲ့။
မောင်ငြိမ်းချမ်းက ကျွန်တော့်ကို ဖုန်းနံပတ်ပေးသွားပါတယ်။ ပြီးမှ ရဲဘော်တွေနေတဲ့ လိုင်းခန်းဘက် ဆင်းသွားပါတယ်။ မောင်ငြိမ်းချမ်းမရှိတော့ ကျွန်တော့်ရင်ထဲ ဟာတာတာကျန်ရစ်ခဲ့ပါတယ်။ ကျွန်တော့်အပေါ် အခြားသူတွေထက် သူကပိုခင်တယ် မဟုတ်လား။
သူရေခပ်ဆင်းတိုင်း ရေခပ်လမ်းက တောဂွေးသီးတွေ ယူလာပေးတာ၊ ကျွန်တော့်အဝတ်တွေကို မငြီးမငြူလျှော်ဖွပ်ပေးတာ၊ ကိုယ်လက်တွေချိနဲ့နေချိန် အပေါ့အပါးသွားရာမှာ ဖေးဖေးမမကူပေးတာ အစီအရီပေါ်လာပါတယ်။ တစ်ဘက်ကလည်း သူတို့အကျဉ်းကနေ လွတ်မြောက်သွားတာကိုလည်း ဝမ်းသာပေး မုတိတာပွားပြန်ပါတယ်။
မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေ၊ သွားလေရာ လာလေရာမှာ ဆူးမထိ ခလုတ်မငြိပါစေနဲ့…။
မောင်စုစုဝင်းက စစ်သင်တန်းမှာ နည်းပြလုပ်ရမှာဖြစ်ပြီး မောင်ငြိမ်းချမ်းကတော့ ဒုဗိုလ်ကျောက်ဆောင်ဦးစီးတဲ့ တပ်ဖွဲ့မှာ ပါဝင်ရမှာလို့ သိရပါတယ်။
အဲဒီနေ့မှာပဲ အကျဉ်းကျရဲဘော်နှစ်ဦး ရောက်လာပြန်ပါတယ်။ မြောက်နောင်နဲ့ ကျော်သန်းဝင်း ဖြစ်ပါတယ်။
မျောက်နောင်က၊ မင်းပြားက လူလွတ်တစ်ဦးပါ။ သူကနောက်နောက်ပြောင်ပြောင်နေတတ်ပြီး စိတ်ရင်းလည်း မဆိုးရှာပါ။ အရင်က ရခိုင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ဘောလုံးသမားတစ်ဦးပါ။ ရန်ကုန်ဘောလုံး အကယ်ဒမီမှာ လေ့ကျင့်ဖူးပါသတဲ့။
ကျော်သန်းက ကလေးတစ်ယောက်နဲ့ အိမ်ထောင်သည်။ ပုဏ္ဏားကျွန်းက၊ သူကအနေအေးတယ်။ ဒါပေမယ့် စိတ်ရင်း မကောင်းဘူးလို့ပြောရင် ရတယ်။ ရဲဘော်အချင်းချင်း စကားနာထိုးတတ်တာနဲ့ သူ့ထက်အငယ်ကို အနိုင်ကျင့်ချင်တာတွေကို ကြည့်ပြီးပြောတာပါ။ သူ့အမျိုးသမီးက ဆက္ကမလူမျိုးဖြစ်ပြီး မြွေဖမ်းကျွမ်းကျင်တယ်တဲ့။
မြောက်နောင်နဲ့လည်း မကြာမကြာစကားများပြီး သတ်လားပုတ်လားဖြစ်တတ်ပါတယ်။
ကုလားတန်မြစ်အရှေ့ဘက် ကျောက်တန်းရွာနား ယာယီစခန်းမှာ တာဝန်ကျနေတုန်း ညလုံးပေါက်ကင်းစောင့်ရတာ၊ အထက်အရာရှိတွေရဲ့ အဆူအဆဲခံရတာ မခံနိုင်လို့ နှစ်ယောက်သားတိုင်ပင်ပြီး ထွက်ပြေးကြတာပါတဲ့။ ဒါပေမဲ့ ၃ ရက်လောက်အကြာမှာ ရွာတစ်ရွာရဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာခိုနေတုန်း အေအေတွေက ပြန်ဖမ်းမိ တာပါ။
ကျောက်တန်းရွာမှာ ကျွန်တော့်ကိုဖမ်းတုန်းက သူတို့လည်းပါသတဲ့။ အခုရက်ပေါင်း ၄၁ ရက်အကြာမှာ အကျဉ်းသားအနေနဲ့ ပြန်ဆုံရတဲ့ အဖြစ်ပေါ့။ သံသရာစက်ဝန်းက တိုလိုက်တာ။
ကျွန်တော်လည်း အေအေအကျဉ်းသားဆိုပေမယ့် အနေကြာလို့လားမသိ အေအေတပ်သားတွေနဲ့ တစ်သားတည်း လိုလို ဖြစ်လာတယ်။ တစ်ခါတစ်ခါ မိသားစုကို သတိရတယ်ဆိုပေမဲ့ ငါဘယ်တော့လွတ်မလဲဆိုတဲ့ စိတ်ကျဉ်းကြပ်မှုမျိုးတွေ သိပ်မခံစားရတော့တာပါ။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
ဒီနေ့တော့ ဦးတောင်ပန်းနဲ့ စကားလက်ဆုံကျပါတယ်။ နှစ်ဦးသား ခူမီး(ချင်း)လို တိုးတိုးတိုးတိုးနဲ့ ပြောနေကြတာပါ။ သူဘာကြောင့် အဖမ်းခံရတာလဲဆိုတာကို အဓိကပြောဖြစ်ပါတယ်။
သူက ပွီဝုန်းရွာ မူလတန်းကျောင်းရဲ့ အထွေထွေလုပ်သား။ တစ်ရက်သား မိဘဆရာအသင်းအစည်းအဝေးမှာ ကျောင်းရန်ပုံငွေတွေ အလေအလွင့်မဖြစ်ရလေအောင် ကျောင်းအတွက်အကျိုးရှိမယ့် လုပ်ငန်းတစ်ခုလုပ်ဖို့ ဆွေးနွေးတင်ပြပါသတဲ့။ အချို့လူကြီးတွေကတော့ အညီအမျှခွဲဝေ ယူချင်ကြတယ်။ အဲသည်မှာ တစ်ယောက်နဲ့တစ်ယောက် စကားတွေ ကတောက်ကဆ ဖြစ်ကြတယ်။
နောက်တစ်ချက်က သူကထမင်းဆိုင်လေးနဲ့တွဲပြီး ကုန်စုံလေးလည်း ဖွင့်ရောင်းပါတယ်။ တစ်ခါတလေ အစိုးရတပ်ကရဲဘော်တွေ အဝင်အထွက်ရှိတာ၊ သူတို့နဲ့ စကားလက်ဆုံကျတာ အပြန်အလှန် ဖုန်းနံပတ်တွေပေးတာ ရှိပါသတဲ့။ ဒါကို အစိုးရသတင်းပေးဆိုပြီး ရောကြိတ်အဖမ်းခံရတာ ဖြစ်နိုင်ပါတယ်တဲ့။
သူ့လာဖမ်းတုန်းကဆို မှောင်ရီပျိုးစ ညဘက် ၇ နာရီလောက်မှာ၊
“အစိုးရတပ်ကပါ၊ ကိစ္စရှိလို့ အပြင်ခဏထွက်ခဲ့ပါအုံး” လို့ ဗမာလေသံနဲ့ ခေါ်ပါသတဲ့။
အပြင်ရောက်တော့ အေအေရဲဘော် ဆယ်ယောက်လောက်က ဆီးကြိုဖမ်းဆီးတာ ခံခဲ့ရပါတယ်။ လက်ပြန်ကြိုးတုတ်၊ မျက်နှာအဝတ်စနဲ့စည်းပြီး တောထဲခေါ်သွားတာ ဘယ်ရောက်လို့ရောက်မှန်းမသိ ဖြစ်ခဲ့ရပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်လာခဲ့ရတာပါ။ အဲညဆို သစ်ပင်တစ်ပင်မှာ လက်ပြန်ကြိုးတုတ်ပြီး ညလုံးပေါက် ချည်ထားပါသတဲ့။
အစတော့ သူ့ကိုကျိန်းသေ သတ်ပစ်လိမ့်လို့ ထင်မိပါသတဲ့။ ဒါပေမဲ့ ရက်ကြာလာတော့ အေအေရဲဘော်အချို့က
“ဦးလေးမစိုးရိမ်နဲ့ သိပ်မကြာဘူး၊ ပြန်လွတ်မှာပါ…”လို့ အားပေးစကားပြောလာတော့မှ စိတ်သက်သာရာ ရပါသတဲ့။ သူ့ကို အောက်တိုဘာ ၂၅ ရက်က ဖမ်းခဲ့တာပါ။
ပဋိပက္ခဇုန်ထဲ ရောက်နေတယ်၊ ကျနေတယ်ဆိုတာလည်း ကံဆိုးမှုတစ်ခုပါပဲ။ ပစ္စန္တရစ်ကိုး။ “အစိုးရမင်း”ဥပဒေ မသက်ရောက်တဲ့၊ သက်ရောက်မှုအားနည်းတဲ့ အရပ်ကိုး။ မနေအပ်တဲ့ အရပ်ပေါ့။
ရခိုင်တွေကို အစိုးရတပ်က အေအေအမာခံဆိုပြီးဖမ်း၊ ရခိုင်မဟုတ်သူတွေကိုတော့ အေအေက အစိုးရသတင်းပေးဆိုပြီးဖမ်း။ ဒီလိုပဲ လုံးချာလည်လိုက်နေတာ။
ဘယ်သူမှန်ပြီး ဘယ်သူမှားတယ် မပြောလိုပါဘူး။ သဘာဝနိယာမတစ်ခုပဲ မဟုတ်လား။
ကျွန်တော်ဒီကိုရောက်နေတာ ၄၁ ရက်ရှိပြီဖြစ်လို့ ဦးတောင်ပန်းက ကျွန်တော့်ထက် ၁၀ ရက်စောတယ်ဆိုတော့ သူက ၅၁ ရက်ရှိပြီပေါ့။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅-၁၆ ရက်။
ဒီနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့ပါ။
နေ့ခင်းဘက် သံခြေချင်းတန်းလန်းနဲ့ အပြင်ဘက်ထွက် လမ်းလျှောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက် ကတည်းက လမ်းထွက်လျှောက်ခွင့် ရခဲ့တာပါ။ အရင်ရက်တွေတုန်းက ကုလားတန်မြစ်ကြောင်း တစ်လျှောက် စုန်ဆန်သွားလာနေတဲ့ စက်လှေတွေရဲ့အသံကိုပဲ ကြားခဲ့ရတာပါ။ ဒီနေ့တော့ ကုလားတန်မြစ်ကြောင်းမြင်ကွင်းကို စိတ်လိုလက်ရ ငေးနေမိပါတယ်။
ပလက်ဝ-ကျောက်တော် လိုင်းစက်လှေအစုန်တစ်စီး စုန်ဆင်းသွားတာကအစ၊ အဆန်စက်လှေတစ်စီး ဆန်တက်လာတာအဆုံး ထိုင်ကြည့်နေမိတယ်။ တစ်ခါတစ်ခါ လေသင့်ချိန်မှာတော့ နောက်ကြော(ပီချောင်း)ဘက်က စက်လှေသံ တွေကို တစ်ချက်တစ်ချက် ကြားရပါသေးတယ်။
ကျွန်တော့်အတွေးက ဟာလာဟင်းလင်း ဖြစ်နေပါတယ်။ ဘယ်တစ်ခုကို တွေးနေလဲဆိုတာမျိုး မရှိပါဘူး။ ကျန်ခဲ့တဲ့မိသားစု၊ လွှတ်တော်ရေးရာ တစ်ခုမှမပါ။ ဆောင်းရဲ့အအေးဓာတ်ကိုခံစားရင်း ဒီအတိုင်း ကုလားတန်မြစ်မြင်ကွင်းကိုပဲ ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
ညနေစောင်းတော့ ညစာထမင်းသွားယူပါတယ်။ ခါတိုင်းတော့ ယူလာပေးတာဖြစ်ပေမယ့် အခုရက်ပိုင်းတော့ ကိုယ် တိုင်ယူစနစ်ဖြစ်လို့ ဖိုကြီးဆီသွားယူရတာပါ။ ချက်ထားတဲ့ဟင်းကလည်း ကြည့်အုံး။ ကျွဲသားရေခြောက်ကို မီးဖုတ်ပြီး ချက်ထားတဲ့ဟင်း။
ကျွဲသရေကလည်း ကျွန်တော့်ထက်တောင် အသက်ကြီးမယ့်ပုံ။ အမွေးတွေတောင် ကျွတ်နေပြီ။ ထင်တဲ့အတိုင်း ဘယ်လိုမှဝါးမရ။ အသားဟင်းတစ်ခွက် ဖြစ်တယ်ဆိုတာကိုအာရုံပြု ထမင်းမြိန်အောင် စားခဲ့ရပါတယ်။
ထမင်းစားပြီးတော့ အကျဉ်းသားလုံခြုံရေးတာဝန်ခံ တပ်ကြပ်ကြီးသိပ္ပံဆီ ထွက်လာခဲ့ပါတယ်။ စကားစမြည် ပြောရင်း
“အသားငါးမစားရတာကြာတော့ အဖွဲ့သားတွေအတွက် ဝက် ဒါမှမဟုတ် ဆိတ်တစ်ကောင်လောက် ရှာကြရင် ကောင်းမယ်…”လို့ ပြောဖြစ်ပါတယ်။
“ဝက်ကဈေးကြီးလွန်းတယ်၊ ဆိတ်ဆိုရင် လေးသောင်းလောက်နဲ့ ရနိုင်တယ်…”လို့ သူကပြန်ပြောပါတယ်။
“ဆိတ်ပဲဝယ်ကြတာပေါ့၊ တစ်ကောင်လေးသောင်းဆို ကျွန်တော်နှစ်သောင်းခံပါ့မယ်၊ လောလောဆယ်တော့ ပိုက်ဆံလက်ထဲမရှိဘူး၊ ရုံးအဖွဲ့ကသိမ်းထားတဲ့အိတ်ထဲမှာ ရှိတယ်၊ ပြန်လွတ်တဲ့နေ့ ပြန်ပေးမယ်၊ လောလောဆယ် စိုက်ထားပေးပါ…”
အစီအစဉ်အထမြောက်ခဲ့ပါတယ်။
တဲဆီပြန်ရောက်တော့ မောင်ငြိမ်းချမ်းရောက်နေတာတွ့ရလို့ ဝမ်းသားသွားပါတယ်။ သူက ကျွန်တော့်အတွက် Rich Crame ကော်ဖီမစ်အထုတ်သေး ခြောက်ထုပ်ယူလာပေးပါတယ်။ စကားစမြည်ပြောရင်း ခဏနေတော့ သူပြန်သွားပါတယ်။
အပြန်နှုတ်ဆက်တော့ သူကျွန်တော့်ကို အကြိမ်ရေအများဆုံးပြောဖြစ်တဲ့ “အစ်ကိုကြီး စိတ်ဓာတ်မကျနဲ့၊ မကြာခင်လွတ်တော့မှာပါ…” ဆိုတဲ့စကားကို ပြောဖြစ်အောင် ပြောလိုက်ပါသေးတယ်။ ကျွန်တော်ကတော့ သူ့စကားကို ပြုံးပြုံးပဲ နားထောင်ပေးလိုက်ပါတယ်။
ကိုယ့်ရဲ့မိတ်ဆွေလိုလည်းဟုတ်၊ ရဲဘော်ရဲဘက်လိုလည်းဟုတ်တဲ့သူနဲ့ ခွဲခွာရမယ်ဆိုတော့လည်း စိတ်ထဲမှာဖြင့် တစ်မျိုးတော့ခံစားရပါရဲ့။ ဒါပေမယ့် ခံစားချက်တွေကို မျက်နှာပေါ် ထုတ်မပြပါဘူး။ လူငယ်ပီပီတက်ကြွနေတဲ့ သူ့စိတ်ခံစားမှုတွေကို မဖျက်ဆီးချင်ပါဘူး။
“ပစ္စုပ္ပန်တည့်တည့်ကိုကြည့်…” ဆိုတဲ့ ဘုရားဟောကို ဒုတ်ဒုတ်ထိခံစားနားလည်လိုက်ရတဲ့ အခိုက်အတန့် တစ်ခုပေါ့။ ပစ္စုပ္ပန်တည့်တည့်က လူတွေနဲ့လိုက်လျောညီထွေတဲ့အခါ ဘယ်လိုပဲ ရန်သူ့နယ်မြေထဲဖြစ်နေပါစေအုံးတော့ မိတ်ကောင်းဆွေကောင်းဆိုတာ ရှိနေနိုင်သေးတာပဲ မဟုတ်လား။
ငယ်ငယ်ကသင်ခဲ့ရတဲ့ပုံပြင် သတိရမိသေးတယ်။
သားကောင်ရတဲ့ မုဆိုးဆီက အသားတောင်းတဲ့ လူငယ်လေးယောက်။ “ဖခင်… ကျွန်ုပ်ကို အသားပေးပါ…” တောင်းတဲ့သူက နှလုံးရတယ်။ “အစ်ကို… ကျွန်ုပ်ကို အသားပေးပါ…” တောင်းတဲ့သူက ပေါင်သားရတယ်။ နှုတ်ကြမ်းတဲ့ တစ်ယောက်ကတော့ အရိုးပဲရတာပေါ့။
ထားပါ။ ဒီမှာ အဓိကပြောချင်တာက “မိတ်ဆွေ… ကျွန်ုပ်ကို အသားပေးပါ…”လို့ တောင်းတဲ့သူက တစ်ကောင်လုံး ရခဲ့တယ်ဆိုတာကိုပါ။ မိတ်ဆွေမို့လို့ တစ်ကောင်လုံးရထိုက်ပါသတဲ့။ သင်္ကရိုက်ပုံပြင်ထဲမှာတော့ ဒီလိုလာပါတယ်။ လူသားတွေ အချင်းချင်းကြား “မိတ်ဆွေ…” ဆိုတဲ့ အခန်းကဏ္ဍရဲ့ အရေးပါပုံ။
“အရှင်ဘုရား… မိတ်ဆွေကောင်းရှိရင် ကိစ္စတစ်ဝက်ပြီးတယ်ဆိုတာ ဟုတ်သလား…” ဆိုတဲ့ ရှင်အာနန္ဒာရဲ့ အမေးကိုလည်း မြတ်ဗုဒ္ဓက “မဟုတ်ဘူးအာနန္ဒာ… မိတ်ဆွေကောင်းရှိရင် ကိစ္စအားလုံးပြီးတယ်…” ဆိုပြီး ဖြေကြားခဲ့ပါသတဲ့။
ဒီလိုဆိုတော့လည်း ခြေချင်းတန်းလန်းနဲ့ပေမယ့် စိတ်ရဲ့ငြိမ်းချမ်းမှုကို ရနိုင်သေးတာပဲဆိုတဲ့ စိတ်ကလေးဝင်လာပါတယ်။ တကယ်လည်း ဒီကိုရောက်လာခါစထက် ကျွန်တော့်စိတ်တွေ အများကြီးတည်ငြိမ်လာပါတယ်။
စိတ်ဒဏ်ရာ နာကျင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဆောင်းညတွေကိုလည်း အပြစ်မမြင်တော့။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
ဒီနေ့မနက်တော့ ရဲဘော်သုံးယောက်ကို အောင်သာယာရွာလွှတ်ပြီး လေးသောင်းတန်ဆိတ်တစ်ကောင် အဝယ်ခိုင်းလိုက်ကြောင်း အစောကြီးသတင်းရပါတယ်။ ရဲဘော်တွေကလည်း ခြေမြန်လက်မြန်ရှိပါတယ်။ တောင်ခြေမှာတင် ဆိတ်ကိုဖျတ်လာခဲ့ကြပါတယ်။ ဗိုလ်မှုးခိုင်ယက္ခအတွက် ဝေစုပေးပြီး ကျန်တာကျွန်တော်တို့အဖွဲ့အတွက်ပေါ့။
အဲဒီနေ့က အသားမစားသေးဘဲ မရိုသေ့စကား ကလီစာ၊ အူနုတွေကိုပြုပ်။ ငရုပ်သီး၊ ငရုပ်ကောင်းနိုင်နိုင်နဲ့ သုပ်စား ကြပါတယ်။ တော်တော်ခံတွင်းမြိန်ပါတယ်။ အရင်ကထက် လွတ်လပ်မှုရှိလာတယ်ဆိုတဲ့ ခံစားချက်ရယ်၊ မစားရတာ ကြာပြီဖြစ်တဲ့ လက်ဆက်တဲ့အသားဟင်းလျာရယ် ပေါင်းလိုက်တော့ စားပိုးနင့်မှာတောင် သတိထားစားရပါတယ်။
အေအေရဲဘော်တွေနဲ့လည်း သဟဇာတတော်တော်ရှိလာပြီ ပြောရမယ်။ သူတို့လည်း ကျွန်တော့်အပေါ် အကျဉ်း သားတစ်ယောက်ဆိုတာထက်ပိုတဲ့ လေးစားမှုကိုပြကြပါတယ်။
ပလက်ဝခူမီးချင်းတွေနဲ့ ရခိုင်နဲ့က လူမျိုးချင်းသာ မတူတာ၊ မြစ်နားချောင်းနားနေတာချင်းတူတော့ အစားအသောက်အပြင်အဆင်တွေက တော်တော်တူနေတာပါ။ ရခိုင်တွေခံတွင်းမြိန်တဲ့ဟင်းဆို ကျွန်တော်တို့ပလက်ဝသား ချင်းတွေလည်း လျှာရင်းမြတ်ပါတယ်။
နေထိုင်ရာဒေသ တူနေတာကြောင့် စားသောက်ပုံကတူနိုင်ပေမဲ့၊ တူနိုင်တယ်ဆိုပေမဲ့ ရိုးရာအစားအစာတွေနဲ့ ဓလေ့တွေကဖြင့် မတူနိုင်ပါဘူး။ ကျွန်တော်တို့ ပလက်ဝ ခူမီး(ချင်း)တွေက ပြာရည်ဟင်းချက်စားတတ်တယ်။ ဒီလိုပဲ ပလက်ဝက ရခိုင်တွေလည်းပြာရည်ဟင်းချက်စားတတ်တာ သတိထားမိတယ်။ ဒါပေမယ့် ရခိုင်ပြည်က ရခိုင်တွေ ဘယ်မိသားစုကမှ ပြာရည်ဟင်းချက်စားမှာ မဟုတ်ပါဘူး။
အချို့ကိစ္စက သိမ်မွေ့ပါတယ်။ နိုင်ငံရေးကစားကွက်ထဲ ဒါမှမဟုတ် လူမှုစီးပွားအခွင့်အရေး ကစားကွက်ထဲ အတင်း ဇွတ်သွပ်သွင်းလို့ မရပါဘူး။ ဒါကို မြန်မာနိုင်ငံမှာ တော်လှန်ရေးလုပ်တယ်ပြောပြော၊ ဖက်ဒရယ်အခွင့်အရေးတောင်းဆိုတယ်ပြောပြော အသီးသီးအသကရှိနေတဲ့ အဖွဲ့အစည်းတွေရော အဖွဲ့အစည်းကိုဦးဆောင်နေတဲ့ သူတွေရော ကျေကျေလည်လည် နားလည်ဖို့လိုပါတယ်။
ပြီးတော့ အမျိုးသားတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ဘုံအမှတ်သညာကို ဖော်ထုတ်သလိုမျိုး သက်ဆိုင်ရာလူမျိုးအလိုက် အသီးသီးရှိနှင့်နေတဲ့ သီးခြားဆန်တဲ့ သရုပ်သကန်တွေကိုလည်း လေးစားအသိအမှတ်ပြုတတ်တဲ့ အလေ့အထ ထွန်း ကားအောင် လုပ်ဖို့လိုပါတယ်။
မဟုတ်ရင် “ငါ့လူမျိုးတွေ၊ ငါ့ဆွေမျိုးတွေ၊ ငါ့ညီအစ်ကိုတွေ၊ ငါ့သားသမီးတွေ ငါကယ်တင်မယ်၊ သူတို့အတွက် ငါစွန့်လွှတ်စွန့်စားမယ်၊ သူတို့ကလည်း ငါပေးသလောက်ပဲရမယ်…”ဆိုတာမျိုး အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။
အဲလိုပဲ ခေတ်အဆက်ဆက် အင်အားကြီးခဲ့သူတွေက “ငါပေးသလောက်ပဲယူ…” လုပ်ခဲ့တဲ့သမိုင်း အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မပြီးနိုင်မစီးနိုင် ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အခုထိ လုံးလည်လိုက်နေတဲ့ နိုင်ငံဖြစ်နေတာ မဟုတ်လား။
ကျွန်တော် အတွေးစကို ရပ်ပစ်လိုက်ပါတယ်။ ဒီလိုပဲ မျက်လုံးအစုံကိုလည်း မှိတ်ပစ်လိုက်ပါတယ်။ ကျွန်တော်အိပ်မှဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးရပါတယ်။ မဟုတ်ရင် တွေးရင်တွေးသလောက် ရောက်တဲ့အတွေးနယ်ထဲမှာ ကိုယ်ပဲပင်ပန်းရမှာ။
ကိုယ်က အေအေရဲ့ ၄၄ ရက်သား သူပုန်အကျဉ်းသား။
ဒီထက်ပိုတာက ရခိုင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အဟန့်အတားဖြစ်စေတဲ့ ရခိုင်မဟုတ်တဲ့ အံ့ဩဖွယ် တစ်ပါးအမျိုးသားတစ်ယာက်ပေါ့။
အဲဒီလိုဖြစ်ရတာလည်း တကယ့်ကိုဂုဏ်ယူပါတယ်… ဂုဏ်ယူပါတယ်။ (စိတ်ရင်းနဲ့ပါ) ထီးတစ်ပြောင်နန်းတစ် ဆောင်နဲ့နေခဲ့တဲ့ ပြောင်မြောက်တဲ့အာရက္ခသမိုင်းရဲ့ နိုင်ငံသစ်ထူထောင်ရေးမှာ ပါဝင်ခွင့်ရခဲ့တယ်ဆိုတာ သမိုင်းအကြီးကြီးပေါ့။
***
အပိုင်း (၁၅) ဆက်လက်ဖတ်ရှုနိုင်ပါရန်။
