Kimo Instiute က ၄၉ နှစ်မြောက် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပ
ဇွန်လ ၂၆ ရက်၊ ၂၀၂၅။
Kimo Instiute က ဦးဆောင်ကျင်းပသည့် ၄၉ နှစ်မြောက် အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို အွန်လိုင်းZoomဖြင့် ယနေ့ ဇွန်လ ၂၆ ရက်နေ့ ညနေ ၆နာရီ မှ ည ၉ နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနား အစီအစဉ်တွင် အခမ်းအနားမှူး မိုင်မိမိဟွေ့ကို၊ အဖွင့်အမှာစကားပြောကြားခြင်းကို ကီမိုအင်စတီကျူးမှ ဆလိုင်းပန်ဟိုက်၊ ဆလိုင်းတင်မောင်ဦး အတ္ထုပ္ပတိဖတ်ကြားခြင်းကို ချင်းကျောင်းသားခေါင်းဆောင်ဟောင်း မိုင်ဆန်းနုနိုင် နှင့် မန္တလေးတက္ကသိုလ်ဌာနမှ ဒေါက်တာစုယဉ်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂမှ Salai Van Thang Thang ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်မှ ကိုဝေယံဖြိုးမိုး၊ Spring University Myanmar မှ တာဝန်ရှိသူ၊ Kokko Institute မှ တာဝန်ရှိသူနှင့် Federal Aid Burma မှ ကိုဗညား တို့က မိန့်ခွန်းပြောကြားခဲ့ပြီး ဆလိုင်းတင်မောင်ဦးနေ့ ဂုဏ်ပြုကဗျာကို ဆဗျာဆရာ ဆလိုင်းနံရံက ရွက်ဆိုပေးခဲ့ပြီး Kimo Instiute မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Areng Pui မှ နှုတ်ဆက်စကားပြောကြားကာ အခန်းအနားကို အဆုံးသတ်ခဲ့သည်။
၄၉ နှစ်မြောက် အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားတွင် Kimo Instiute တာဝန်ရှိသူများ၊ ချင်းကျောင်းသားခေါင်းဆောင်များ၊ မန္တလေးတက္ကသိုလ် ဥပဒေဌာန၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်၊ Spring University Myanmar၊ Federal Aid Burma၊ Kokko Institute စသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တခြား လူငယ်ခေါင်းဆောင်းများ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဇာနည်ကျောင်းသားခေါင်းဆောင် ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးသည် ၁၉၅၁ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် စစ်အာဏာရှင်များ၏ ရက်စက်ယုတ်မာစွာ ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရပြီး ခေတ်အဆက်ဆက် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားတိုက်ပွဲဝင် တက္ကသိုလ် ကျောင်းသားများအနက် ဦးနေဝင်းအုပ်ချုပ်ခဲ့သည့် စစ်အစိုးရက သေမိန့်ချ ကြိုးပေးခံရသည့် သမိုင်းဝင် အာဇာနည်ကျောင်းသားတဦး ဖြစ်ခဲ့သလို မြန်မာ့သမိုင်းတွင် ပထမဦးဆုံးနှင့် တဦးတည်းသော တက္ကသိုလ်ကျောင်းသား ဒီမိုကရေစီလှုပ်ရှားသူ ကြိုးပေးခြင်းခံရသူလည်း ဖြစ်သည်။
ဆလိုင်းတင်မောင်ဦးကို အင်းစိန်အကျဉ်းထောင် ကြိုးတိုက်တွင် ကြိုးပေးခဲ့သည်မှာ နှစ်ပေါင်း (၄၉) နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ သူ နောက်ဆုံးကြိုးစင်ပေါ်တွင် ပြောသွားသည့် စကားမှာ “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာသတ်လို့ ရရင်ရမယ်။ ဒါပေမယ့် ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး။” ဟု ဆိုသည့် စကားသည် ခေတ်အဆက်ဆက် ရှင်သန်နေဦးမည် ဖြစ်သည်။
သတင်း – James Roe
