မွာလ်ပီးကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲ ပြန်လည်ပြင်းထန်နေ
ဇွန်လ ၂၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာနှင့် အနီးတဝိုက်တွင် ချင်းတော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီ စစ်တပ်တို့အကြား ဇွန်လ ၂၅ ရက်နေ့ ညနေမှ ယနေ့ ဇွန်လ ၂၈ ရက်နေ့အထိ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က သိရသည်။
ချင်းတော်လှန်းရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ပတ်ခန့် တိုက်ပွဲမဖြစ်ပွားဘဲ ငြိမ်နေရာမှ ဇွန်လ ၂၅ ရက်နေ့ ညနေမှစ၍ ပြန်လည်တိုက်ပွဲ ပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်းနှင့် လက်နက် ၁၅ လက်ထက်မနည်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကာ MA 3 ၊ Sniper စသည်တို့ပါဝင်ကြောင်း Chinland Channel ၏ ဓါတ်ပုံများအရ သိရသည်။
တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ပေါင်းစုဘက်မှ ဇွန်လ ၂၆ ရက်နေ့တွင် CNA တပ်ဖွဲ့ Salai Ha Kalay နှင့် ဇွန်လ ၂၇ ရက်နေ့တွင် CDF CDM Siyin တပ်ဖွဲ့ဝင် Khaikhai ခေါ် Tg Thang Sian Khai တို့ ကျဆုံးသွားကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် ကလေးမြို့ဘက်မှ စစ်ကူများ တောက်လျှောက် ပို့ဆောင်မှုများ ပြုလုပ်နေပြီး အမြောက်နှင့် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ကလေးဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ခိုင်ကမ်းမြို့ အနီးရှိ ခိုင်ကမ်းဆင်စခန်း၊ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကလေး-တီးတိန် လမ်းမပေါ်ရှိ လေထန်ကုန်း ခေါ် ထန်မွာလ်၊ ဇွန် ၂၄ ရက်နေ့ ညနေပိုင်းတွင် ထေးဇန် ကော်ဖီခြံ တို့ကို သုံးရက်ဆက်တိုက် ဗုံးကြဲခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းမှစ၍ တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
