မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ရှောင်ပြည်သူများ၏ ဇီဝမက်ထရစ်မှတ်ပုံတင်ခြင်း ပြုလုပ်မည်
ဇွန်လ ၂၉ ရက်၊ ၂၀၂၅။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် လာရောက်လိုလှုံနေကြသည့် မြန်မာနိုင်ငံမှ စစ်ရှောင်ပြည်သူများကို ဇီဝမက်ထရစ်မှတ်ပုံတင်ခြင်း (biometric registration)ကို လာမည့် ဇူလိုင်လမှစတင်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယအခြေစိုက် Northeast Today သတင်းဌာနတွင် ဖော်ပြထားသည်ကို သိရသည်။
ဇီဝမက်ထရစ်မှတ်ပုံတင်ခြင်း (biometric registration) ဆောင်ရွက်ရန်အတွက် ပြင်ဆင်မှုများ အားလုံးပြီးစီးသွားပြီဖြစ်၍ ပြည်နယ်အတွင်း ခိုလှုံနေထိုင်နေသည့် မြန်မာနိုင်ငံသား ၃၂၀၀၀ ကျော်အား လာမည့်ဇူလိုင်လမှစတင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်ခရိုင် (၁၁) ခုလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အမျိုးသားသတင်းအချက်အလက်စင်တာ (National Informatics Centre – NIC) ဖော်ဆောင်ထားတဲ့ နိုင်ငံခြားသားများ ခွဲခြားသတ်မှတ်ရေး ပေါ်တယ်လ် (Foreigner Identification Portal) မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီးဖြစ်သလို ခရိုင်အရာရှိများကိုလည်း လေ့ကျင့်ပေးထားပြီးပါပြီ…” ဟု ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Vanlalmawia က ပြောကြားထားသည်။
စစ်ဘေးရှောင်များ၏ အချက်အလက်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဒုတိယကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်သည့် ခရိုင်အဆင့်ကော်မတီများက စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး K.Sapdanga ဦးဆောင်သော ပြည်နယ်အဆင့် ကော်မတီက မှတ်ပုံတင်ရေးလုပ်ငန်းအားလုံးကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းသည် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်သို့ လာရောက်ခိုလှုံလာသူမှန်သမျှကို မှတ်တမ်းတင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ဗဟိုပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် အချက်အလက်စုဆောင်းမှုပုံစံ (format) တွင် ပြသနာအချို့ရှိခဲ့ခြင်းကြောင့် အကောင်အထည်ဖော်ရန်အတွက် နှောင့်နှေးခဲ့ရခြင်းဖြစ်ပြီး ပြန်လည်၍ နေရပ်ရွှေ့ပြောင်းနေထိုင်သူများ၏ အခြေအနေနှင့် ကိုက်ညီမည့်ပုံစံကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကာ ဇူလိုင်လမှစ၍ လုပ်ငန်းစတင်မည်ဖြစ်ကြောင်း Northeast Today တွင် ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်အစိုး၏ တရားဝင်စာရင်းအရ မြန်မာနိုင်ငံသား ဒုက္ခသည်များမှာ Champhai ခရိုင်တွင် ၁၃၅၈၆ ဦး၊ Lawngtlai ခရိုင်တွင် ၆၀၁၇ ဦး၊ Siaha ခရိုင်တွင် ၅၀၃၆ ဦး၊ Aizawl ခရိုင်တွင် ၃၆၆၉ ဦး၊ Kolasib ခရိုင်တွင် ၁၂၉ ဦးရှိပြီး စာရင်းတွင် မပါဝင်သေးသည့် သူများလည်းရှိကြောင်း သိရသည်။
သတင်း – James Roe
