မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေလိုက်နာဆောင်ရွက်ရန် အမှိုက်ပစ်ရမည့် စည်းကမ်းချက်များ ထုတ်ပြန်
ဇွန်လ ၃၀ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မင်းတပ်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်၍ ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာစေရန်အတွက် မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရန် အမှိုက်ပစ်ရမည့် စည်းကမ်းချက်များကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ဆွေးမြေ့နိုင်သောအမှိုက်များ၊ မဆွေးမြေ့နိုင်သောအမှိုက်များကို စွန့်ပစ်ရန်အတွက် အမှိုက်ခြင်းများကို ထားရှိရန်၊ ကျင်းနှစ်ကျင်းတူးကာ စနစ်တကျစွန့်ပစ်ကြရန်နှင့် မီးရှို့ဖျက်ဆီးရန်၊ ကျေးရွာအတွင် အမှိုက်များကို ကောက်ရန်အတွက် ညွှန်ကြားထားသည်ကို သိရသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပက်သက်၍ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ပြန်လည် တင်ပြရန်အတွက် မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်အောင် တိုက်ထုတ်ခဲ့ပြီး လက်ရှိတွင် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံရေး၊ တရားစီရေးနှင့်တကွ မြို့ပြန်လည်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
မိမိတို့ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းတို့ဖြင့် ရှေးပဝေသဏီ ဘိုးစဉ်ဘောင်ဆက် အမှီပြု ထိန်းသိမ်းနေထိုင်လာခဲ့ကြသော ရေမြေတောတောင် သဘာဝအလှတရားများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရန်နှင့် သစ်တောထိန်းသိမ်းခြင်း၊ ဒေသမျိုးရင်းအပင်များဖြင့် အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ပြုလုပ်ခြင်းများနှင့် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အလေးထားအာရုံစိုက်ပြီး ပြုလုပ်လျက်ရှိသည်။
နောက်နောင်တွင်လည်း ယခုထက်ပို၍ ဒေသရင်းအပင်များကို တိုးချဲ့စိုက်ပျိုး၍ အပင်များ ရေရှည်ပေါက်ဖွား ရှင်သန်စေရန်အတွက် စနစ်တကျ ပြင်ဆင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် စီမံကိန်းချ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း – James Roe
