မတူပီမြို့သိမ်းတိုက်ပွဲ အောင်ပွဲ ၁ နှစ်ပြည့်တွင် လုံခြုံရေးနှင့် ကာကွယ်ရေးအင်အား တိုးမြှင့်ဆောင်ရွက်နေကြောင်း MRO/ CDF – မတူပီ ထုတ်ပြန်
ဇွန်လ ၃၀ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲအောင်ပွဲ ၁ နှစ်ပြည့်တွင် လုံခြုံရေးနှင့် ကာကွယ်ရေးအင်အား တိုးမြှင့်ဆောင်ရွက်ခြင်း၊ မြို့ရွာ ပြည်လည် တည်ဆောက်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်ကြောင်း မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF- မတူပီ)က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မြို့သိမ်းပိုက်ပြီးနောက် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်နေရာချထားရေး ၊ မိုင်းရှင်းလင်းရေး၊ ပြန်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ကို ဆောင်ရွက်နေကြောင်းနှင့် စစ်ကောင်စီလက်အောက်ပြန် လည်မရောက်ရှိစေရန် အဖက်ဖက်မှ ကြိုးပမ်းနေကြသည့် တပ်ပေါင်းစုများ ပြည်တွင်းပြည်ပရှိ ပြည်သူများအပေါ် ကျေးဇူးတင်ကြောင်း MRO/ CDF – မတူပီအဖွဲ့က ဆိုသည်။
မတူပီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည့် ချင်းညီနောင်၊ အာရက္ခတပ်တော် န ယောတပ်တော် (Yaw Army) နှင့် ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) တပ်ပေါင်းစု အယောက်ချင်းစီတိုင်းအပေါ် ကျေးဇူးတင်ကြောင်းနှင့် ဒဏ်ရာရရဲဘော်များ၊ ကျဆုံးသွားသည့် အာဇာနည်သူရဲကောင်း တပ်ဖွဲ့ဝင်များကို အောက်မေ့သတိရရင်း ဂုဏ်ပြုကြောင်း MRO/ CDF – မတူပီက ဖော်ပြထားသည်။
CDF-Matupi စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ အဖက်ဖက်မှ ထောက်ပံ့ကူညီပေးကြသည့် နိုင်ငံတကာ ထောက်ပို့အဖွဲ့များအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တစ်နှစ်ပြည့်မတူပီမြို့သိမ်းတိုက်ပွဲ အောင်မြင်ခြင်း အထိမ်းမှတ်နေ့မှစ၍ အနာဂတ်တွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊ မဟာမိတ်ပေါင်းစည်းမှု၊ ဝိုင်းဝန်းဖေးမမှုဖြင့် ဆက်လက်ပါဝင်ပေးကြဖို့ လည်း တိုက်တွန်ထားသည်။
ချင်းညီနောင်စစ်ဆင်ရေး – မတူပီ အမည်ဖြင့် မတူပီမြို့ရှိ စစ်ကောင်စီအခြေချထားသည့် ခလရ – ၁၄၀ နှင့် ခမရ – ၃၀၄ တို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုဖြစ်သည့် ရက္ခိုင့်တပ်တော်(AA) ၊ Yaw Army၊ Yaw Defense Force(YDF) တို့က၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe
Photo by Chin Defense Force – Matupi
ပုံစာ – မတူပီမြို့သိမ်းတိုက်ပွဲအောင်ပွဲ ၁ နှစ်ပြည့် အခမ်းအနားတက်ရောက်နေသည့် Chin Defense Force – Matupi
