ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF-KKG ၄ နှစ်ပြည့်တွင် ထုတ်ပြန်
ဇူလိုင်လ ၂ ရက်၊ ၂၀၂၅။
ကလေး- ကဘော်-ဂန့်ဂေါဒေသတွင် အခြေပြုစစ်ရေးလှုပ်ရှားနေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – KKG သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး ၄ နှစ်ပြည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ မှာ နိုင်ငံတော်အချုပ်အခြာအာဏာကို မတရားသိမ်းပိုက်ယူပြီးနောက် CDF-KKG သည် စစ်အာဏာရှင်နှင့်တကွ အာဏာရှင်စနစ်မှန်သမျှ တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် Chinland Defense Force-Kalay-Kabaw-Gangaw (CDF-KKG) ကို ဖွဲ့စည်းခဲ့သည်မှာ ဇူလိုင်လ ၁ ရက်နေ့တွင် ၄ နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
တော်လှန်ရေး ၄ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ တိုက်ဖျက်ရေးအတွက် ကလေး-ကဘော်-ဂန့်ဂေါ ဒေသတွင်သာမက အခြားသောဒေသများတွင်လည်း တိုက်ပွဲဝင်လျက်ရှိရာ တိုက်ပွဲပေါင်း ၄၀၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး CDF-KKG ၏ Major Operation ဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ကလေး – ဂန့်ဂေါကြားရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
CDF-KKG ၏ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ရဲဘော် ၇၃ ယောက်ကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါ ပေးဆပ်သူနှင့် ဒဏ်ရာရရှိသူပေါင်း ၁၅၀ ကျော်ရှိကြောင်း၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပေးဆပ်တိုက်ပွဲဝင်ကြသည့် ရဲဘော်အားလုံးကို ဦးညွတ်ဂုဏ်ပြုကြောင်း CDF-KKG က ဖော်ပြသည်။
CDF-KKG လှုပ်ရှားဒေသဖြစ်သည့် ကလေး-ကဘော်-ဂန့်ဂေါ ဒေသ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး အကြမ်းဖက်စစ်ကောင်စီ လက်မှ လွတ်မြောက်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများဖြစ်သည့် ကန်းပါးနီး၊ မှန်တော၊ အရှေ့အောင်သာယာ၊ အနောက်အောင်သာယာနှင့် ကြံတော စခန်းများကို CDF-KKG အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Major Operation ဖြင့် သိမ်းပိုက်ထားသည်။
သတင်း – James Roe
