CNO/CNDF နှင့် HPO/CDF-Hualngoram တို့ကြား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရန် ချင်းပြည် (Chinalnd) ကောင်စီ တိုက်တွန်း
ဇူလိုင်လ ၃ ရက်၊ ၂၀၂၅။
CNO/CNDF နှင့် HPO/CDF-Hualngoram တို့ကြား လက်ရှိဖြစ်ပွားနေသည့် အပြန်အလှန်ပစ်ခတ်မှုနှင့် ပဋိပက္ခများကို စစ်ရေးနည်းဖြင့် မဖြေရှင်းပဲ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရန်အတွက် ချင်းပြည် (Chinalnd) ကောင်စီ က ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရသည့် သဘောထားကွဲပြားမှုများကို ပြန်လည်ပေါင်းစည်းနိုင်ရန် ချင်းအမျိုးသားကောင်စီ (Chin National Council) ကို အမြန်ဆုံး ပေါ်ပေါက်ရန်အတွက် ဆောင်ရွက်နေချိန်ဖြစ်ကြောင်း ချင်းပြည် (Chinalnd) ကောင်စီက ပြောသည်။
ယခုရက်ပိုင်းအတွင်း CNO/CNDF မှ HPO/CDF-Hualngoram ကို ထိုးစစ်ဆင်လာမှုသည် ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေပြီး လက်ရှိဖော်ဆောင်နေသော ချင်းအမျိုးသားကောင်စီ ပေါ်ပေါက်ရေး လုပ်ငန်းစဉ်ကို ရပ်တန့်စေနိုင်သော လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းပြည် (Chinland) ကောင်စီသည် လူမျိုးနွယ်စုဒေသ/ နယ်မြေအရေးကို တော်လှန်ရေးကာလအလွန်တွင်သာ နိုင်ငံရေးအရ ဖြေရှင်းအဖြေရှာရန် လိုလားပြီး ဘုံရန်သူ စစ်ကောင်စီကို ပူးပေါင်းတိုက်ထုတ်ရမည့် အချိန်ကာလ ဖြစ်သည်နှင့်အညီ နှစ်ဖွဲ့ကြား တင်းမာမှုများ၊ မပြေလည်မှုများကို စစ်ရးနည်းဖြင့် ဖြေရှင်းခြင်း မပြုလုပ်သင့်ပဲ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဟု ဆိုသည်။
နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များကိုလည်း ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးဘဲ မိမိတို့ နယ်မြေများကို အပြန်အလှန် အသိအမှတ်ပြုကာ စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့်ပြီး မိမိတို့နယ်မြေ အသီးသီးရှိ တပ်စခန်းများတွင်သာ ပြန်လည် နေရာယူကြရန် ချင်းပြည် (Chinland) ကောင်စီ တိုက်တွန်းထားသည်။
သတင်း – James Roe
