၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ထမင်းမြိန်တဲ့ ညနေခင်းကိုဖြတ်သန်းခဲ့တဲ့ကျွန်တော် မနေ့ကဆိတ်သားအူနုသုပ် အစားများသွားလို့ ဗိုက်ကဆန္ဒပြပါတယ်။
မနက် လေးနာရီလောက်ကျတော့ ဗိုက်ကတော်တော်ရစ်လာပါတယ်။ အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း။ ကျွန်တော် မနေ့ကတော့ အစားအသောက်နဲ့ ပက်သက်ပြီး စိတ်မထိန်းနိုင်ခဲ့ပါဘူး။ မရိုသေ့စကား အသားငတ်တာရယ်၊ ကိုယ်ကြိုက်တဲ့ ဟင်းလက်ရာဖြစ်နေတာရယ်ကြောင့် သတိမထားမိခင် အများကြီးစားပစ်လိုက်တာ နေပါလိမ့်မယ်။
အခုတော့ တစ်ကိုယ်ရေ ဒုက္ခခံစားရပါပြီ။ မိုးမလင်းသေးခင်တော့ ဒီလိုပဲဝေဒနာကို ကြိတ်မှိတ်ခံရတာပေါ့။ မနက်လင်းတော့ သတင်းပို့ပြီး ဆေးဆရာခေါ်ရပါတယ်။
ဆေးဆရာပေးတဲ့ စားဆေးသောက်ပြီးတအောင့်နေတော့ နည်းနည်းသက်သာလာပါတယ်။
နောက်တော့ ဆေးဆရာနဲ့လည်း စကားလက်ဆုံကျပါတယ်။ သူ့အပြောအရ သူကစီးပွားရေးလုပ်ရင်း အရင်ကတည်းက ပလက်ဝအထက်ပိုင်း ရောက်ဖူးခဲ့သူပါ။ ကျွန်တော့်ဇာတိ ချင်းဒေါက်ရွာမှာလည်း ညအိပ်ညနေ ရောက်ဖူးနေဖူးကြောင်းပြောပါတယ်။
ကျွန်တော်က နေရင်းထိုင်ရင်း ဆက်စပ်တွေးဖြစ်ပါတယ်။ ပလက်ဝနယ်ထဲက ခူမီးတွေ တော်တော်များများက ရခိုင်ပြည်က ရခိုင်တွေနဲ့ ကင်းရိုးထုံးစံမရှိပါဘူး။ ခူမီးတွေထုတ်လုပ်တဲ့ ဒေသထွက်ထုတ်ကုန်တွေကို ကုန်ချောထုတ်မယ့်သူတွေဆီ အရောက်ပို့ပေးတဲ့ ကြားခံကုန်သည်တွေနေရာမှာ နှစ်အတော်ကြာ ရခိုင်တွေကနေရာယူထားပါတယ်။
ခူမီးတွေထုတ်တဲ့ကုန်ကြမ်းကို ကုန်ချောထုတ်မဲ့သူတွေဆီ ပို့ပေးတဲ့ ကုန်သည်(ပွဲစား)တွေက ရခိုင်တွေပဲဖြစ်နေရတဲ့ အကြောင်းရင်းတွေထဲက အဓိကအကြောင်းအရင်းတစ်ခုကတော့ ငွေအရင်းအနှီးပေါ့။ ခူမီးတွေက ငွေကြေးကို အရင်းအနှီးပြုတဲ့ လုပ်ငန်းတွေကို လုပ်မှမလုပ်တတ်ပဲ။ ဒီနေရာမှာ ကုန်ကြမ်းထုတ်လုပ်သူခူမီးတွေနဲ့ ကြားခံကုန်သည်ရခိုင်တွေကြားက အလိုလိုဖြစ်ပေါ်နေတဲ့ ဆက်ဆံရေးစနစ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။
ဥပမာ နှစ်ခုပြောပြပါမယ်။
ပထမတစ်ခုက ပလက်ဝနယ်တစ်ကြော ကုလားတန်မြစ်အပါအဝင် ဆမီးချာင်းနဲ့ ပီချောင်းတစ်လျှောက် မြေနုကိုင်းတွေမှာ ခူမီးတွေစိုက်တဲ့ ဆေးရွက်ကြီး(ဗာဂျီးနီးယား)တွေဖြစ်ဖြစ်၊ မြေပဲတွေဖြစ်ဖြစ် ဝယ်လက်က ရခိုင်ကုန် သည်တွေပါ။
ဝယ်တဲ့အချိန်က ဆောင်း၊ နွေအကုန် မိုးဦးကာလမှာပေါ့။ တစ်ရွာလုံးက ဆေးရွက်ကြီးတွေ ဘယ်လောက်ရှိသလဲ၊ မြေပဲဘယ်လောက်ရှိလဲ၊ ဘယ်ဈေးနဲ့ဖြတ်မလဲ။ ဈေးဖြတ်ပြီးရင် အရောင်းအဝယ်ဖြစ်ပါပြီ။
အဲဒီလို အဆင်ပြေပြီဆိုရင်လည်း ဝက်တစ်ကောင်တော့ ဂုဏ်ပြုညစာအတွက်ပေါ့။
ဒါပေမယ့် ဝယ်သူက ချက်ချင်းငွေချေစရာ မလိုဘူး။ သူကနောက်တစ်နှစ် နွေအကုန်မိုးဦးကာလမှာမှ ငွေချေရမှာပါ။ အဲဒီလိုငွေလာချေတဲ့အချိန် ဆိုပြန်တော့လည်း ရွာသားခူမီးတွေက ကျေးဇူးတွေတင်လို့။ သိတယ်မဟုတ်လား အနည်းဆုံးကဝက်တစ်ကောင်က ဂုဏ်ပြုညစာဖြစ်ရပြန်တာပေါ့။
အဲဒီလိုမျိုး ကုန်ရောင်းကုန်ဝယ်စနစ်က ရခိုင်တွေနဲ့ ခူမီးတွေကြားထဲမှာပဲရှိမယ် ထင်ပါရဲ့။ ရခိုင်ကြေးရတတ်တွေ ခူမီးတွေပင်ပင်ပန်းပန်းလုပ်မှရတဲ့ ကုန်ပစ္စည်းတွေကို ပိုက်ဆံတစ်ပြားမှမပေးရဘဲ ကိုယ့်ပစ္စည်းလိုကြိုက်ဈေးနဲ့ အရောင်းအဝယ်လုပ်လို့ရတဲ့အပြင် လက်ထဲရောက်လာတဲ့ ငွေကိုတောင်မှ တစ်နှစ်နီးပါး လည်ပတ်လို့ရနေသေးတာလေ။
အဲဒီကာလတွေတုန်းဆီက ခူမီးတွေဆိုတာလည်း ငွေကြေးကို အခုလိုတစ်နှစ်ပတ်လုံးမလိုအပ်။ တောင်ယာလုပ်၊ စပါးကတစ်နှစ်ဝမ်းစာရ။ ဆောင်းသီးနှံက ဝင်လာတဲ့ဝင်ငွေက အပိုဝင်ငွေသက်သက်။ အပိုဝင်ငွေဆိုတော့ ဘယ်အချိန်ရရ ကိစ္စမရှိ။ ဒီလိုပဲတွေးတာ။
ကိုယ့်ရွာမှာတုန်းက ဝက်သတ်ပေးခဲ့ပေမဲ့ မတော်တဆ ရခိုင်မိတ်ဆွေ သူတို့ဆီရောက်လို့ တည်းခိုခန်းမှာအိပ်ခဲ့ရတာတောင် အထူးတလေ စိတ်ထဲမထားတတ်ကြပါဘူး။
ဒုတိယအချက်က ပိုတောင်အံ့ဩစရာ။ ဗမာနယ်မှာဆို တင်း၊ တောင်းဆိုတာရှိတယ်။ ရခိုင်တွေက တောင်းပဲသုံးတယ်။ အခြင်အတွယ်ပေါ့။ ဗမာတွေပြောတဲ့ တစ်တင်းဆိုရင် ရခိုင်တောင်းနဲ့ဆို နှစ်တောင်းခွဲရှိတယ်။ ထားပါ။
တစ်တောင်းမှာ နို့ဆီဗူး ၄၈ ဗူးနဲ့ ညီမျှတယ်လို့ လွယ်လွယ်သိရင်ရပါပြီ။
ပြောချင်တာက ရခိုင်တွေဆီက ဝယ်ရတဲ့အခါ တစ်တောင်းမှာ နို့ဆီဗူး ၄၈ ဗူးနဲ့ဝယ်ရပေမယ့် သူတို့ဆီ (နှမ်း၊ မြေပဲ…) ရောင်းရတဲ့အခါ တစ်တောင်းက ၅၂ ဗူးဖြစ်နေတာ။ စဉ်းစားသာကြည့်ပေတော့။
ခူမီးတွေနဲ့ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့ ဘယ်ရခိုင်ကုန်သည်ကမှ ရှုံးမှာမဟုတ်ဘူး။ မရှုံးအောင်လည်း အသာစီးရတဲ့ စနစ်တစ်ခုကို ဖန်တီးထားနိုင်တယ်မဟုတ်လား။
ကျွန်တော် နိုင်ငံရေးကို ဂဃနဏမသိဘဲနဲ့ ဝင်လုပ်ခဲ့ပါတယ်။ လူမျိုးတစ်မျိုးရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေက ဘာတွေလည်း ကျွန်တော်မသိဘဲ နိုင်ငံရေးနယ်ပယ်ထဲ ရောက်နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံရေးအတွေ့အကြုံယူရင်း၊ စီနီယာနိုင်ငံရေးသမားတွေဆီက လေ့လာသင်ယူရင်း ကိုယ့်ဒေသအတွက် တက်နိုင်သလောက် လုပ်ကြည့်မယ်ဆိုတဲ့ ရိုးရှင်းတဲ့ရည်ရွယ်ချက်နဲ့ပါ။
ဒီလိုပဲ တန်းတူညီမျှမှုဆိုတာ ဘာလဲ။ သာတူညီမျှမှုဆိုတာ ဘာလဲ။ လူမှုစီးပွားဆိုင်ရာ၊ လူနည်းစုဆိုင်ရာ၊ ကိုးကွယ် ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေဆိုတာဘာလဲ။ ကျွန်တော် ကောင်းကောင်းနားမလည်ပါဘူး။
ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရှေ့က ခူမီးတွေလည်း သိပုံမရပါဘူး။ အဲဒါကြောင့်လည်း စောစောကပြောတဲ့ ကုန်ရောင်းကုန်ဝယ် တစ်ဖက်စောင်းနင်းစနစ်က အမြစ်တွယ်နေခဲ့တယ် မဟုတ်လား။
တစ်ဖက်ကကြည့်ရင်တော့ လူမှုအသိုက်အဝန်းနှစ်ခုကြားက သဟဇာတဖြစ်မှုကို တစ်စုံတစ်ရာ အထောက်အကူ ပြုကောင်းပြုနိုင်ကောင်းပါရဲ့။
ဒီလိုပဲ ဆက်စပ်ရင်းနဲ့ တွေးဖြစ်တာလေးတွေပါ။ ဆိတ်သားကရလာတဲ့ ဆိတ်သားအတွေးတွေပေါ့။
အရက္ခအိပ်မက် အကောင်အထည်ဖော်ဖို့ ချင်းတွေရဲ့ပေးဆပ်မှုကို လိုအပ်တယ်လို့ သူတို့ခေါင်းထဲစွဲမြဲနေတာ ဒါမှမဟုတ် ရခိုင့်တော်လှန်ရေးရဲ့ ခလုတ်ကန်သင်းဖြစ်နေတဲ့ ချင်းတစ်ယောက်ကိုဖမ်းထားတာ ဘယ်နှစ်ရက်မြောက်တုန်း။ ကျွန်တော်လည်းဒီလိုပဲ တွေးမိတွေးရာတွေးတတ်ပါတယ်။
ကျွန်တော် သူပုန်အကျဉ်းသားဖြစ်ရတာ ၄၆ ရက် ရှိပါပြီ။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။
ဒီနေ့တော့ ကျွန်တော် တောင်တောင်အီအီတွေးနေရင်း အကျဉ်းသားလုံးခြုံရေး ဒုတိယတာဝန်ခံ တပ်ကြပ်တစ်ဦးနဲ့ ဆုံဖြစ်ပါတယ်။ သူ့နာမည်တော့ မသိပါ။
သူက ကျွန်တော့်အပေါ် လေးစားသမှုပြပါတယ်။ ကျွန်တော်တို့ အထိုက်အလျောက် စကားလက်ဆုံကျပါတယ်။ သူက စစ်ဆင်ရေးသွားရင်း ပလက်ဝ၊ အထက်သဲမဝရွာ ရောက်ဖူးကြောင်းတွေပြောရင်း ရွာသားတွေဖြစ်တဲ့ ခူမီးတွေက အေအေဆိုတာကို သူတို့ရောက်တော့မှ မြင်ဖူးတယ်လို့ ပြောပါသတဲ့။
ဟုတ်မှာပါ၊ ပလက်ဝနယ်က အကျယ်ကြီးပဲဥစ္စာ။ ခူမီးတွေဆိုတာလည်း ရခိုင်တစ်ယာက်စ နှစ်ယောက်စကလွဲရင် မတွေ့ဖူးမမြင်ဖူးတာလည်း ရှိကောင်းရှိနိုင်တာပဲ။
သူတို့တပ်ဖွဲ့က စစ်ဆင်ရေးတောင် သိပ်မလုပ်လိုက်ရပဲ အစိုးရတပ်အခြေစိုက်တဲ့ တရွန်အိုင်တပ်စခန်းကနေ လက်နက်ကြီးတွေလှမ်းပစ်တော့ ဘင်္ဂလားဒေ့ရ်ှနယ်စပ်ဘက် ပြန်ပြေးရပါသတဲ့။
အဲဒီနေ့က အကျဉ်းသားတာဝန်ခံနဲ့ စကားကောင်းတုန်းမှာပဲ စခန်းမှာလက်နတ်အသစ်တွေ ရောက်လာတာ တွေ့ရပါတယ်။ သူတို့အပြောအရ AK-47 လို့ သိရပါတယ်။
ကျွန်တော်ကတော့ နားမလည်ပါ။ ကျဉ်ဆံတွေလည်း အများကြီးပါပဲ။ အေအေရဲဘော်တွေကတော့ ပျော်လို့ပေါ့။ သေနတ်တွေ ဖြုတ်၊ တပ်၊ သန့်ရှင်းရေးလုပ်နေကြတာ၊ လူသတ်လက်နက်လို့ သိပုံမရပါဘူး။ ရန်သူကို ချေမှုန်းမယ့် သူတို့ရဲ့လက်စွဲတော်အဖော်မွန်လို့ပဲ ခံယူထားပုံပါ။
ဒါလည်း ဖြစ်သင့်ပါတယ်။ လယ်လုပ်သူအတွက် လယ်ယာပစ္စည်းတွေရှိသင့်သလို အနုပညာလုပ်သူအတွက် အနုပညာဆိုင်ရာပစ္စည်းတွေ ရှိသင့်တယ်မဟုတ်လား။ ဒီလိုပဲ တော်လှန်ရေးဆိုတဲ့ တူညီတဲ့ခေါင်းစဉ်အောက်မှာ ကိုင်စွဲတဲ့လက်နက်တွေလည်း သူ့နည်းသူ့ဟန်နဲ့ ရှိရမှာပေါ့။
အဲဒီလက်နက်အသစ်တွေကို သ,နေတဲ့အဖွဲ့ကို ဦးဆောင်သူကတော့ ပလက်ဝသား တပ်ကြပ်အောင်မင်းချေဖြစ်ပါတယ်။ ချစ်စနိုးနဲ့ “အားချေ”လို့ ခေါ်ပါတယ်။ အသက်ကဖြင့် ကျွန်တော်အထင် ၁၇ နှစ်လောက်ပဲရှိအုံးမှာပါ။
သူက ပိန်ပိန်ပါးပါးလေးနဲ့ အရပ်ကလေးကလည်းရှည်ပါတယ်။ ဒီ့ပြင် ဆက်ဆံရေးကောင်းတာရယ်၊ အိုင်ကွန်တစ်လုံးခါးချိတ်ပြီး ဟိုဟိုဒီဒီသွားရင်း ကွမ်းတစ်ထုပ်လည်း အမြဲပါလာတတ်တယ်ဆိုတော့ ဟိုလူတောင်းစား ဒီလူတောင်းစားနဲ့ တရုန်းရုန်းဖြစ်နေတာပါ။
နည်းနည်းကြာတော့ ကျွန်တော်နဲ့လည်း တော်တော်ရင်းရင်းနှီးနှီး ဖြစ်လာပါတယ်။ အဲဒါကလည်း ကျွန်တော်တို့က ပလက်ဝသားအချင်းချင်းဆိုတာရယ်၊ ကျွန်တော့်ရဲ့ အေးအေးလူလူနေတတ်တဲ့အကျင့်နဲ့ အောင်မင်းချေရဲ့ ဖော်ဖော်ရွေရွေနေတတ်တဲ့ စရိုက်လေးနဲ့ ဟပ်မိသွားတာလည်း ဖြစ်နိုင်ပါတယ်။
စိတ်ဝင်စားစရာအကောင်းဆုံးက သူ့ဆီမှာ ကိုယ်ပိုင်ကီးပတ်ဖုန်းလေးတစ်လုံး ရှိနေတာပါ။ အေအေရဲဘော်တွေ အနေနဲ့ အရာရှိတွေကလွဲရင် လက်ကိုင်ဖုန်းကိုင်ခွင့် မရဘူးဆိုပေမဲ့ သူကဖုန်းတစ်လုံးကို ပုန်းလျှိုးကွယ်လျှိုး ကိုင်နိုင်တဲ့ အရည်အချင်းရှိသူပါ။
တပ်ကြပ်ကြီးသိပ္ပံကိုယ်တိုင်တောင် အရာရှိတွေမသိအောင်ကိုင်ပါဆိုတဲ့ လျစ်လျူရှုမှုနဲ့ ကိုင်ခွင့်ရခဲ့တာပါ။
ညမှောင်ရီပျိုးစဆိုရင် ရဲဘော်အားချေရယ်၊ နီးစပ်ရာရဲဘော်တွေရယ် အကျဉ်းသားအိမ်သာ ရှိတဲ့ဘက်သွားပြီး မိသားစုတွေနဲ့ ဖုန်းပြောနေကြတာ ညတိုင်းမြင်နေရပါတယ်။ ဒါပေမယ့် အဲဒီလျှို့ဝှက်ချက်ကို အားလုံးက တညီတညွတ်တည်း ထိန်းသိမ်းထားကြပါတယ်။
ကျွန်တော်လည်း အိမ်ကအမျိုးသမီးနဲ့ ဖုန်းပြောရင်ကောင်းမလား တွေးမိပါသေးတယ်။ ခတ်တာက အိမ်ကအမျိုး သမီးဖုန်းနံပါတ်ကို မမှတ်မိတာပါ။
အရင်ကြိုးဖုန်း ကာလတုန်းကဆိုရင် ဖုန်းနံပတ်တော်တော်များများကို အလွတ်ရမှတ်မိနေတတ်ပေမဲ့ နောက်ပိုင်း လက်ကိုင်ဖုန်းတွေကိုယ်စီ ဖောဖောသီသီသုံးနိုင်တဲ့ခေတ်ဆိုတော့ ဖုန်းနံပတ်တွေ အလွတ်မှတ်မိနေစရာမှ မလိုတော့တာကိုး။ ဖုန်းနံပတ်ဆိုတဲ့ ကိန်းဂဏန်းတွေကို ကျွန်တော်ရယ်မှမဟုတ် လူတိုင်းနီးပါး အလွတ်မှတ်မိနေမှာ မဟုတ်လောက်ပါဘူး။
နောက်ဆုံးတော့ အိမ်ကိုဖုန်းခိုးဆက်မယ့် စိတ်ကူးကို စွန့်လွတ်လိုက်ပါတယ်။
သူပုန်အကျဉ်းသားဖြစ်ရတာ၊ မိသားစုနဲ့ စကားမပြောဖြစ်တာ ၄၇ ရက်ရှိပြီဆိုပေမဲ့ မတတ်နိုင်ဘူးပေါ့။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
မနက်နိုးနိုးချင်း ပထဆုံးသတိရတာက အိမ်ကိုဖုန်းစကားပြောချင်တဲ့ အာသီသပြေဖို့ပါ။
အိမ်ရယ်လို့ မဟုတ်ပါဘူး၊ ကိုယ်နဲ့နီးစပ်သူ တစ်ယောက်ယောက်နဲ့ကို ပြောရရင်ဖြစ်ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်ဘယ်မှာ ရှိနေတယ်ဆိုတာရယ်၊ ကျန်းကျန်းမာမာနဲ့ ရှိနေတယ်ဆိုတာရယ်၊ ပြီးတော့ မိသားစုဝင်တွေ (အမေအပါအဝင်) ကျန်းကျန်းမာမာရှိရဲ့လား ဆိုတာလေးလောက်ကို သိချင်ရုံသက်သက်ပါ။
ကျွန်တော် သံခြေချင်းတန်းလန်းနဲ့ လမ်းလျှောက်ရင်း စဉ်းစားနေပါတယ်။
ဟုတ်ပြီ။ အိတ်ထဲမှာ ဖုန်နံပတ်မှတ်ထားတဲ့ စာအုပ်လေးရှိတယ်။ အဝတ်အိတ်ထဲမှာ ရှိမယ်။ အဲဒီအဝတ်အိတ်က ကျွန်တော့်အနားမှာ။ ခတ်တာက သော့ကိုရုံးအဖွဲ့က သိမ်းထားတယ်။ ကိစ္စမရှိ။ တစ်နည်းနည်းနဲ့ ဖွင့်ရမှာပဲ။
ကျွန်တော်အချိန်ကောင်းကို စောင့်နေပါတယ်။ အကျဉ်းကျအေအေရဲဘော်တွေ ရေခပ်သွားချိန်မှာ သော့ခတ်ထားတဲ့ ဇစ်နှစ်ခုကြား ဓါးနဲ့အသာလေးဟ,ကြည့်တော့ ရပါပြီ။
စာအုပ်ကိုခပ်မြန်မြန်လေး လှန်ကြည့်လိုက်တယ်။ ပထမဆုံးတွေ့တဲ့ ဖုန်းနံပတ်က ရန်ကုန်မှာနေတဲ့ ဦးစောမြ (မြကဗျာ)ရဲ့ ဖုန်းနံပတ်ပါ။
ဖုန်းနံပတ်ကို လက်ဖဝါးပေါ် မြန်မြန်ချရေးပြီး အိတ်ကိုခပ်မြန်မြန် ပြန်ပိတ်လိုက် ပါတယ်။ အားလုံး အိုကေပါပြီ။ အနည်းဆုံးတော့ ကျွန်တော် ဦးစောမြနဲ့ စကားပြောမယ်ပေါ့။
အားချေကလည်း “လူကြီးမသိ အောင်ပြောလို့ရပါတယ်…”လို့ ပြောထားတာရှိတယ်မလား။
ဦးစောမြဆိုတာက ရန်ကုန်မှာနေတဲ့ ကျွန်တော့်အမျိုးသမီးရဲ့ ဦးလေးပါ။ ချင်းတိုးတက်ရေးပါတီ ဗဟိုအမှုဆောင် တွဲဖက်အတွင်းရေးမှုးတစ်ယောက်ပေါ့။ “မြကဗျာ”ဆိုတဲ့ ကလောင်နာမည်နဲ့ ချင်းအမျိုးသားတွေနဲ့သက်ဆိုင်တဲ့ ကဗျာတွေရေးပါတယ်။ ချင်းအသိုက်အဝန်းမှာ နာမည်ရတဲ့ သူတစ်ယောက်ပါ။
နောက်တစ်ချက်က ၂၀၁၈ မှာလုပ်တဲ့ ဒုတိယအကြိမ် ခူမီးဖိုရမ်ကဖွဲ့စည်းတဲ့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိ နှိုင်းရေးကောင်စီ- Khumi Affair Coordination Councial (KACC)ရဲ့ ညှိနှိုင်းရေးမှုးလည်း ဖြစ်ပါတယ်။ ပလက်ဝသားတွေထဲက ချင်းအသိုက်အဝန်းကြား ထဲထဲဝင်ဝင်ပါတဲ့ အနည်းစုထဲက တစ်ယောက်ပါ။
ဒါပေမဲ့ ဦးစောမြအကြောင်းတွေးရင်း သူ့ဆီဖုန်းဆက်ဖို့ အလိုလိုလက်တွန့်နေမိတဲ့ အကြောင်းတွေ ရှိနေပြန်ပါတယ်။ သူက နိုင်ငံရေးလိုလို၊ အနုပညာသမားလိုလို၊ မီဒီယာသမားလိုလို အတော့်ကို နှံ့နှံ့စပ်စပ်ရှိတဲ့သူ။ ချင်းနိုင်ငံရေးအသိုက်အဝန်းကြား၊ ချင်းမီဒီယာအသိုက်အဝန်းကြား ထဲထဲဝင်ဝင်လှုပ်ရှားနေသူ။
အခုလည်း ကျွန်တော်အဖမ်းခံရတယ် ဆိုကတည်းက သူတို့အနေနဲ့ မသိသလိုငြိမ်နေမှာ မဟုတ်ဘူး။ Main Stream Media တွေပေါ်မှာ ပြောတာဆိုတာတွေ မဖြစ်မနေရှိကို ရှိနေပါလိမ့်မယ်။ သူက KACC ရဲ့ “ပြောရေးဆိုခွင့်ရှိသူ” တစ်ယောက်လည်း ဖြစ်နေပြန်တော့ ပိုဆိုးပေါ့။ မီဒီယာတွေ အကုန်လုံးနီးပါးလောက်က ကျွန်တော်အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ရင် သူ့ကိုပဲ မေးမယ်ဆိုတာ အသေအချာပါပဲ။
အခုနေချိန် ကျွန်တော်ဦးစောမြနဲ့ တိတ်တဆိတ် အဆက်အသွယ်ရတယ်ဆိုတာကို ပထမဆုံးသိမှာက ကျွန်တော့် မိသားစုဖြစ်မယ်။ ပြီးရင် မဖြစ်မနေသိသင့်တဲ့ အထဲမှာပါတဲ့ ခူမီးလူကြီးတွေ၊ အဲဒီကနေတစ်ဆင့် ပါတီကလူကြီးအချို့။ ဒီလောက်ဆိုရင် ကျွန်တော်နဲ့ အဆက်အသွယ်ရတဲ့သတင်း မီဒီယာပေါ် ရောက်ဖို့လုံလောက်သွားပါပြီ။
ပထမဆုံး ဒုက္ခရောက်မှာ ကျွန်တော်ကိုယ်တိုင်ပါ။
နောက် အားချေ အပြစ်ပေးအရေးယူခံရမယ်။
နောက်ဆုံး အေအေရဲဘော်တွေ မိသားစုနဲ့၊ ကိုယ့်ရဲ့ချစ်ခင်ရတဲ့သူတွေနဲ့ တိတ်တဆိတ်ဆက်သွယ်ရတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပျောက်ဆုံးသွားပါလိမ့်မယ်။
ကိုယ့်တစ်ယောက်တည်းအတွက်နဲ့ အများဒုက္ခရောက်မဲ့အရေး၊ အများအခွင့်အရေး ဆုံးရှုံးမဲ့အရေးမို့ ကျွန်တော် လွယ်လွယ်ကူကူပဲ ဆုံးဖြတ်လိုက်ပါတယ်။
ကိုယ့်စိတ်ကိုကိုယ်ချုပ်တည်းလိုက်ပါတယ်။ သူ့(ဦးစောမြ)ဆီ ဖုန်းမဆက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလိုနဲ့ သူပုန်အကျဉ်းသားဘဝရဲ့ ၄၈ ရက်အကြာမှာ ရှားရှားပါးပါးရရှိခဲ့တဲ့ မိသားစုနဲ့ အဆက်အသွယ်ရမယ့် အခွင့်အရေးကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း မိသားစုကို သတိရလွမ်းဆွတ်စိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေ ခံစားရမဲ့ညအချို့ရှိကောင်းရှိနိုင်ပေမဲ့ ဒါကိုလည်း ကျွန်တော့်အတွက် သမားရိုးကျဖြတ်သန်းရမယ့် အချိန်ကာလတွေပဲလို့ သတ်မှတ်လိုက်ပါတယ်။
ဒီအတွက်လည်း စွန့်လွှတ်အနစ်နာခံသူအဖြစ် ထူးပြီးဂုဏ်ယူနေတာမျိုးမရှိသလို မိသားစုနဲ့ အဆက်အသွယ်မလုပ်ရလို့ ထူးပြီးဝမ်းနည်းနေတာမျိုးလည်း မရှိပါဘူး။
***
အပိုင်း (၁၆) ဆက်လက်ဖတ်ရှုပါရန်။
