CNO/CNDF နှင့် CDF Hualngoram တို့ကြား ပါဝင်ပတ်မည် မဟုတ်ကြောင်းနှင့် အချင်းချင်းတွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှာရန် ချင်းညီနောင်က တိုက်တွန်း

CNO/CNDF နှင့် CDF Hualngoram တို့ကြား ပါဝင်ပတ်မည် မဟုတ်ကြောင်းနှင့် အချင်းချင်းတွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှာရန် ချင်းညီနောင်က တိုက်တွန်း

ဇူလိုင်လ ၃ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ဖလမ်းမြို့နယ်တွင် CNO/CNDF နှင့် HPO/CDF-Hualngoram ကြား လက်ရှိဖြစ်ပွားနေသည့် အပြန်အလှန် ပဋိပက္ခများကို ချင်းညီနောင်အဖွဲ့သည် ပါဝင်ပတ်မည် မဟုတ်ကြောင်းနှင့် အချင်းချင်းတွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှာရန် ယ​နေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းညီနောင်သည် ချင်းတော်လှန်ရေး လက်နက်ကိုင် အချင်းချင်းကြား အငြင်းပွားမှုများကို တွေ့ဆုံ ဆွေးနွေး၍ ညှိနှိုင်း အဖြေရှာရေးကိုသာ တစိုက်မတ်မတ် လက်ကိုင်နေကြောင်း၊ CNO/CNDF နှင့် HPO/CDF-Hualngoram တို့ကြား ပဋိပက္ခဖြစ်ပွားနေသည်ကို ချင်းညီနောင်အနေဖြင့် များစွာစိတ်မကောင်းဖြစ်ကြောင်း ဆိုသည်။

နှစ်ဖွဲ့စလုံးသည် အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ထုတ်နေသော ရည်မှန်းချက်တူ ချင်းတော်လှန်ရေးအဖွဲ့များ ဖြစ်သည်နှင့်အညီ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။

ထို့အပြင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများတွင် အခြားပြင်ပတော်လှန်ရေး လက်နက်ကိုင်အဖွဲ့စည်းများ အနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းများ မပြုလုပ်ရန်နှင့် ဝင်ရောက်ပတ်သက်လာပါက လက်ရှိ ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပြီး သွေးထွက်သံယိုမှု ပိုမိုများပြားသည့် အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း ဆိုသည်။

သို့ရာတွင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး နည်းလမ်းဖြင့်မဟုတ်ဘဲ စစ်ရေးအကူညီဖြင့် ပါဝင်လာပါက ချင်းညီနောင်အနေဖြင့်လည်း အဖွဲ့ဝင်ဖြစ်သည့် CNO/CNDF နှင့်အတူ မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *