CNO/CNDF နှင့် CDF – Hualngoram တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ဒေသခံပြည်သူ ထောင်ကျော် အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်လ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်း CNO/CNDF နှင့် CDF – Hualngoram တို့ကြား ဇူလိုင်လ ၂ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ရိခေါဒါရ်မြို့အနီးတွင် CNO/CNDF နှင့် CDF – Hualngoram တို့ ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီမှစ၍ အပြန်အလှန် ပစ်ခက်ကာ တိုက်ပွဲအရှိန်မြှင့်တက်လာခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်သည် Tio ချောင်းကို ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
“ဒီနေ့မနက် ၈ နာရီလောက်ကနေ ပစ်ကြတာ ညနေ ၆ လောက်မှာပဲ အသံတိတ်သွားတယ်။ ရိခေါဒါရ် ဘက်ကနေ ဇိုခေါထာရ်ဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်း ထောင်ကျော်နေပြီ။ ဟိုဘက်မှာက တစ်ရာကျော်လောက်ပဲ ကျန်တော့မယ်ထင်တယ်။ ခန်းမဆောင်မှာရယ်၊ နီးစပ်ရာဆွေမျိုးတွေ၊ အသိတွေအိမ်မှာရယ် စုနေကြရတာ။ ထွက်ပြေးလာရင်းနဲ့ Tio ချောင်းမှာ လူတစ်ယောက် ရေနစ်သေဆုံးသွားတယ် …” ဟု ရိခေါဒါရ်ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
CNO/CNDF နှင့် CDF – Hualngoram တို့အပြန်အလှန်ပစ်ခက်ခြင်းကြောင့် ကျဉ်ဆံတချို့ အိန္ဒိယနိုင်ငံ၊ ဇိုခေါ်သာရ်ဘက်သို့ ကျရောက်မှုရှိခြင်းကြောင့် ဇိုခေါ်သာရ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က “အိန္ဒိယဘက်ကို ကျည်ဆံတွေ ကျလာတယ်။ ဒါကြောင့် အိန္ဒိယဘက်ကို ကျရောက်အောင် မပစ်ကြဖို့နဲ့ ချက်ချင်း အပစ်ရပ်ကြပါ…” ဟု လော်စပီကာဖြင့် အော်ဩမှု ပြုလုပ်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
CDF-Hualngoram နှင့် CNO/CNDF တို့ကြား စစ်ရေးတင်းမာနေခြင်းကြောင့် ယနေ့မွန်းလွဲပိုင်းတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဦးဆောင်သည့် ငြိမ်းချမ်းရေးအကျိုဆောင်အဖွဲ့မှ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြမည် ဆိုသော်လည်း မည်သို့ဆွေးနွေးဆုံးဖြတ်ကြသည်ကိုမူ မသိရသေးဘဲ ယနေ့ညနေအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ကို သိရသည်။
သတင်း – James Roe
